ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးကို ပြန်ပို့

RFA Burmese
2024.04.25
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးကို ပြန်ပို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲ ၂၈၈ ဦးကို စစ်ကောင်စီရေတပ် ရေယာဉ်ဆီ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွှဲပြောင်းခဲ့စဉ်။
bdnews24

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲ ၂၈၈ ဦးကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် bdnews က ဧပြီလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေပြင်ပိုင်နက်အစပ်မှာ အသင့်စောင့်ဆိုင်းနေတဲ့ စစ်ကောင်စီရေတပ် ရေယာဉ်ဆီ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းမှာ လွှဲပြောင်းပေးလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဧပြီလ ၂၄ ရက်နေ့က စေလွှတ်လိုက်တဲ့ အဲဒီရေယာဉ်ဟာ မြန်မာနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို တင်ဆောင်လာတယ်လို့လည်း ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၅ ဦးနဲ့ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ လဲလှယ်မယ်လို့ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖြစ်ခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်၊ ဝန်ထမ်းနဲ့ မိသားစုဝင် သုံးရာကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာပဲ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။