ဘင်္ဂလားဒေ့ရှ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ယူနွတ် ကတိပြု
2024.08.17

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ခေါင်းဆောင် မိုဟာမက် ယူနွတ်က နိုင်ငံတကာကို ကတိပြု ပြောကြားလိုက်ကြောင်း ဒါကာကလာတဲ့ သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။
သြဂုတ် ၁၇ ရက်နေ့က အွန်လိုင်းကနေ ကျင်းပတဲ့ 3rd Voice of Global South Summit 2024 ထိပ်သီးဆွေးနွေးပွဲ မိန့်ခွန်းပြောကြားရာမှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရဲ့ တာဝန်က ရွေးကောက်ပွဲစနစ်၊ တရားစီရင်ရေး၊ ဒေသခံအစိုးရ၊ မီဒီယာ၊ စီးပွားရေးနဲ့ ပညာရေးတွေမှာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နေရာအမြောက်အများဟာ နံရံပန်းချီတွေနဲ့ ပြည့်နှက်နေကြောင်း၊ အသက် ၁၂-၁၃ နှစ်အရွယ် ကျောင်းသားလူငယ်တွေက နှစ်ပေါင်းလေးရာ သက်တမ်းရှိတဲ့ ဒါကာမြို့ရဲ့ နံရံတွေပေါ်မှာ ဒီမိုကရက်တစ်ဝန်းကျင်သစ်ရဲ့ ပြယုဂ်အဖြစ် ဂရပ်ဖတီတွေ ရေးဆွဲထားကြောင်း သူက ပြောကြားခဲ့တယ်လို့ သတင်းကဖော်ပြပါတယ်။
အဲလို ဂရပ်ဖတီမြို့တော်အဖြစ် ပြောင်းလဲဖို့ ဘယ်သူကမှ စီစဥ်ပြီး ရန်ပုံငွေတွေ ချပေးတာမျိုး မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် ဒုတိယတော်လှန်ရေးအောင်ပွဲအဖြစ် ကျောင်းသားတွေက သူတို့ရဲ့စိတ်ခံစားချက်တွေနဲ့ ကတိကဝတ်တွေကို ရေးဆွဲခြင်းသာဖြစ်တယ်လို့လည်း ယူနွတ်က ဆိုပါတယ်။