ကုလအတွင်းရေးမှူးချုပ်နဲ့ ပါတီ၊ ကျောင်းသား၊ အရပ်ဖက်အဖွဲ့များတွေ့ဆုံ
2012.05.01

RFA
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီး၊ ငြိမ်းဖေါင်ဒေးရှင်းက ဒေါက်တာ ဇဘွဲဂျုံ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းစောအောင်တို့ အပါအဝင် အခြား NGO ကိုယ်စားလှယ်တချို့နဲ့ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ဒီနေ့ နေ့လည်ပိုင်းက တွေ့ဆုံတဲ့အခါ ပြောသွားတာပါ။
ဒီတွေ့ဆုံပွဲမှာပြောဆိုကြတာတွေနဲ့ပတ်သက်လို့ ဦးအေးသာအောင်က အခုလိုပြောပြပါတယ်။
"ကျွန်တော်က ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကြိုးပန်းတဲ့ နေရာမှာ တိုင်းရင်းသားများပြောနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖယ်ဒရယ်ပြည်ထောင်စု ဒါတွေကို ဖော်ဆောင်မှသာလျှင် ထာဝရ ငြိမ်းချမ်းရေးကို ရနိုင်မယ် ဆိုတဲ့ အကြောင်း ပြောပါတယ်။ သူတို့ကတော့ အခု ဆောင်ရွက်နေတဲ့ ကိစ္စတွေကို တဖြေးဖြေး ဆောင်ရွက် သွားရမယ်၊ ပြီးတော့ ပါလီမန်အတွင်းကလည်းပဲ ဆွေးနွေးပြီးတော့ တဖြေးဖြေး ဆောင်ရွက်သွားဖို့ လိုတယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။"
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က မစ္စတာဘန်ကီမွန်းကို ပြောလိုက်တဲ့ တိုက်တွန်းချက်ကိုလည်း ကိုကိုကြီးက အခုလိုပြောပါတယ်။
"လွှတ်တော် အခင်းအကျင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ခြင်းကို ကျွန်တော်တို့ ထောက်ခံတယ်။ ဆိုလိုတာက လွှတ်တော် နိုင်ငံရေးကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် မဝင်တာက လွှတ်တော်ပြင်ပမှာ ဒီအရေးပါတဲ့ ဆောင်ရွက်စရာတွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့လည်း မစ္စတာ ဘန်ကီမွန်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းကနေ ဝိုင်းဝန်း ကြိုးပန်းကြဖို့၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ရေး ကြိုးပန်းဖို့ ပြောခဲ့ပါတယ်။"
မြန်မာနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံထက် သဘာဝအရင်းအမြစ်နဲ့ လူ့အရင်းအမြစ် ပိုမိုများပြားတဲ့ နိုင်ငံဖြစ်လို့ ခေါင်းဆောင်မှု ကောင်းရင် အချိန်တိုတိုမှာ ဖွံ့ဖြိုးတိုးတက် လာလိမ့်မယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောသွားတယ်လို့လည်း သိရပါတယ်။