ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ ဘန်ကီမွန်းတောင်းဆို
2012.04.30

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့၊ ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ကုန်သွယ်ရေး ပိတ်ပင်မှုတွေအပေါ် လျှော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဘန်ကီမွန်းက အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှှုတွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကျမ်းကျိန်စာသား ပြင်ဆင်ပေးရေးကိစ္စနဲ့ ပတ်သက်လို့ အစိုးရနဲ့ မပြေမလည် ဖြစ်နေတာတွေကို အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တိုင်းပြည် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်နေတာကို တွေ့မြင်ရတဲ့အတွက် ဂုဏ်ယူကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံဖို့ရှိပြီး နိုင်ငံရေးပါတီတွေနဲ့လည်း ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
လွှတ်တော်မှာ မစ္စတာဘန်ကီမွန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကို ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |