ဧရာဝတီတိုင်းအစိုးရ ဘတ်ဂျက်ကို ကိုယ်စားလှယ်တွေ ဝေဖန်
2016.12.21

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ၂၀၁၇- ၂၀၁၈ ခုနှစ် အတွက် ဘတ်ဂျက် တင်ပြချက် မှာ ပြည်သူတွေအတွက်မဟုတ်ဘဲ အစိုးရဝန်ထမ်း အကြီးအကဲတွေရဲ့ အသုံးအဆောင်တွေ ဖြည့်တင်းရေးအတွက် အသုံးပြုမှုများနေတယ်ဆိုပြီး ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်ခဲ့ကြသလို ငွေကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ကို သုံးစွဲခွင့်ခေါင်းစဉ်ပြောင်းပြီး ခွင့်ပြုလိုက်ပါတယ်။
၂၀၁၇ -၂၀၁၈ ခုနှစ် အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်တင်သွင်းတဲ့ ငွေကျပ်သိန်းပေါင်း ၉ ထောင်ကျော်ထဲက ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်ကို ရေအရင်းအမြစ်ဦးစီးဌာန သုံးစွဲခွင့်အောက်ကို လွှဲပေး လိုက်တယ်လို့ လွှတ်တော်ငွေစာရင်း ကော်မတီဥက္ကဌ ဦးအောင်သူထွေး က ပြောပါတယ်။
"နောက်မှ ဆောင်ရွက်လို့ရတယ်၊ လာမယ့်နှစ်တွေမှ ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းတွေကို ရှေ့ဆက်ဆောင် ရွက်လို့ရတဲ့လုပ်ငန်းတွေကို ကျနော် ငွေတန်ဖိုးတွေ ပြန်ပြီးတော့ ဖြတ်ချလိုက်ပါတယ်။ လျော့ချလိုက်တာ ပါ၊ ငွေတန်ဖိုးတွေ ကျပ်သိန်းပေါင်း တစ်ထောင့်ခုနှစ်ရာကျော်လောက်ကို လျော့ချလိုက်ပါတယ်။ သူတို့အစိုး အဖွဲ့ မူလရေးဆွဲတင်ပြထားတာက ကျပ်သိန်းပေါင်း ကိုးထောင်ကျော်၊ ၉၁၂.၈၄၆ ကျပ်သန်းပေါင်း ဆိုတော့ ကျပ်သိန်းပေါင်း ကိုးထောင်တစ်ရာနှစ်ဆယ့်ရှစ်သိန်း ရှိပါတယ်။ တစ်ထောင့် ခုနှစ်ရာ ကျော်လောက် ဖြတ်ချ လိုက်ပြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနကို ပို့လိုက်ပါတယ်"
ဧရာဝတီတိုင်း အစိုးရအဖွဲ့က တင်ပြထားတဲ့ ဘတ်ဂျက်ထဲမှာ နေပြည်တော်မှာ အစိုးရဧည့်ရိပ်သာ ဆောက်လုပ် ဖို့ ငွေကျပ် ၈၆၈ သန်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဒုညွှန်ချုပ်ရဲ့နေအိမ် မျက်နှာကျက် မိုးဖို့အတွက် ကျပ်သိန်း ၃၃၀ တောင်းခံထားတာတွေ ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေကို အကျိုးရှိရှိအသုံးပြုစေလိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်တွေက ဘတ်ဂျက်တင်ပြချက်ကို စစ်ဆေးဖို့အတွက် အချိန်မလုံလောက်တာ၊ ဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ အစိုးရဝန်ထမ်း အကြီးအကဲတွေရဲ့ အသုံးအဆောင်တွေ ဖြည့်တင်းရေးအတွက် အသုံးပြုမှုများနေတဲ့ အချက်တွေကို ဝေဖန်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရဌာနဆိုင်ရာတွေထဲမှာ ဆောက်လုပ်ရေး၊ လမ်းတံတား ၊ ဆည်မြောင်း၊ စည်ပင် နဲ့ မြစ်ကြောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွေဟာ ဘတ်ဂျက်အများဆုံးအသုံးပြုတဲ့ ဌာနတွေဖြစ်တယ်လို့ သိရပါတယ်။