တိုင်းအစိုးရအဖွဲ့ဟောင်း ပြန်အပ်မယ့် ရန်ပုံငွေကိစ္စ သမ္မတထံ တင်ပြ
2018.08.04
အရင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်ငွေသန်း ၅ ထောင်ကျော် ပြန်လည်လွဲှပြောင်းပေမယ့်အခြေအနေကို နိုင်ငံတော်သမ္မတထံ တင်ပြ ထားတယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောပါတယ်။
ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်အတိုင်း တိုင်းအစိုးရအဖွဲ့ဘက်က ပြန်လည်တောင်းခံခဲ့တဲ့အပေါ် ဧရာဝတီ ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဘက်က ပြန်ပေးမယ့် အစီအစဉ်တွေကို တင်ပြလာတဲ့ အတွက် သမ္မတရုံးကို ပြန်တင်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်း က ပြောပါတယ်။
"ကျနော်တို့က ၃ မျိုးပေါ့လေ၊ စာရင်းစစ်ချုပ်ရုံးရဲ့ အကြံပြုချက်နဲ့ စစ်ဆေးတွေ့ရှိချက်အတိုင်း နိုင်ငံတော် သမ္မတ ရုံးကနေ ကျနော်တို့ကို အဲအတိုင်း ပြန်လည်တောင်းခံပါပေါ့လေ၊ အဲဒီတော့ ဘဏ်လက်ကျန်ရယ်၊ ဒေသဖွံ့ဖြိုးရေး အတွက် ဖလှယ်ငွေတွေရယ်၊ နောက် ရင်းနှီးမြုပ်နှံမှု အကျိုးတူကုမ္ပဏီတွေနဲ့ လုပ်ထားတဲ့ဟာရယ်၊ ၃ ပိုင်းပေါ့၊ အဲပိုက်ဆံတွေ တစ်ခုကို ဘယ်လောက် ဘယ်လောက်ပေါ့၊ တောင်းတာပေါ့၊ တစ်ခုချင်းပေါ်မှာ သူတို့ဘက်က ပေးနိုင်တဲ့ဟာနဲ့ ဒီဘက်ကဟာနဲ့ပေါ့၊ သူတို့ဘက်က ဒီ ၃ ပိုင်းပေါ်မှာ ပြန်ပေးမယ့် ဘယ်လိုပေးမယ်ဆိုတာ ပေးမယ့် Condition ပေါ့၊ ဒီလိုပေးသွားမယ်ဆိုတာ အကြောင်းပြန်ထားတာပေါ့၊ အဲအစီအစဉ်ကို ကျနော်တို့က နိုင်ငံတော်သမ္မတရုံးကို ပြန်တင်ရတာပေါ့၊ ဒါကိုလက်ခံမယ်ဆိုရင်တော့ ကျနော်တို့က နှစ်ဖက်တွေ့ရမှာပေါ့"
တင်ပြထားတဲ့အစီအစဉ်အတိုင်း နိုင်ငံတော်သမ္မတက လက်ခံမယ်ဆိုရင် အဖွဲ့ဖွဲ့စည်းပြီး နှစ်ဖက်တွေ့ဆုံကာ အသေးစိတ်လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်ကြမှာဖြစ်ပါတယ်။
အဲဒီရန်ပုံငွေတွေကို လက်ရှိတိုင်းအစိုးရအဖွဲ့က နှစ်ကြိမ်တိုင်တိုင် စာထုတ်ပြန် တောင်းခံခဲ့ရပြီးနောက် ဒီသြဂုတ်လ အတွင်းမှာ ပြန်ပေးမယ်ဆိုပြီး ဖောင်ဒေးရှင်းဘက်က အကြောင်းပြန်လာခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း အစိုးရဟောင်းရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို အသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့သလဲဆိုတာကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးဖို့ ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တိုင်းဒေသကြီး လွှတ်တော်မှာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က တိုင်းနဲ့ ပြည်နယ်အားလုံးမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပြန်လည်စစ်ဆေးဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို တာဝန်ပေးအပ်ခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးပြီးနောက် ဧရာဝတီတိုင်း အစိုးရဟောင်းဆီကနေ ရန်ပုံငွေ ၅.၂ ဘီလီယံကို ပြန်လည်တောင်းယူဖို့ သမ္မတရုံးက ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို လမ်းညွှန်ခဲ့တာဖြစ်ပါတယ်။