ဧရာဝတီတိုင်း ငွေကြေးကိစ္စ စိစစ်ဆဲသာဖြစ်


2017.05.07

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ရှိနေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် ငွေပမာဏကို အတည်မပြု နိုင်သေးကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။

အခုမှစိစစ်ဆောင်ရွက်နေတာဖြစ်တာကြောင့် ပမာဏကို တိတိကျကျပြောဖို့ ခက်ခဲနေတယ်လို့ ဧရာဝတီတိုင်းဒေ သကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး ကပြောပါတယ်။

"စိစစ်ဖို့အဆင့်ပဲ ရှိပါသေးတယ်၊ ဘယ်လောက်လွှဲပြောင်းပေးရမယ်ဆိုတာတို့ မဟုတ်သေးပါဘူး၊ စာရင်းဇယားအတိအကျဘယ်လိုဆိုတာတော့ ကျနော်တို့ပြောလို့မရသေးဘူး"

ဧရာဝတီတိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေအသုံးပြုပြီး ဘာတွေဆောင်ရွက်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ လူထုသိအောင်ချပြပေးဖို့ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇေယျာသိမ်းက တိုင်းဒေသကြီး လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ တစ်ရက်နေ့က မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းပေါ်မှာ အစိုးရဟောင်းကနေ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ပတ်သက်ပြီး လက်ရှိ မကွေးတိုင်းအစိုးရအဖွဲ့ ကို လွှဲပြောင်းပေးခဲ့ခြင်းမရှိကြောင်းနဲ့ အဲဒီကိစ္စကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကို စစ်ဆေးဆောင်ရွက်စေမယ် ဆိုပြီး အစိုးရအဖွဲ့တာဝန်ရှိသူက ဝန်ကြီးတစ်ဦးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

အစိုးရ အကူးအပြောင်းမှာ စာရင်းဇယား လွှဲပြောင်းမပေးခဲ့တဲ့အတွက် အခက်အခဲဖြစ်ခဲ့ရတာကြောင့် အခုအချိန် မှာမှ ပြန်လည်စိစစ်ရမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြော ပါတယ်။

"အဲဒီကာလတုန်းက စာရင်းစစ်ကပြောတာကတော့ ဒီသက်ဆိုင်တဲ့အဖွဲ့အစည်းတွေက စစ်ဆေးဖို့ စာရင်းဇယားကို မပေးတာတို့ဘာတို့ပေါ့ ။အဲဒီလိုအနေအထားမျိုးနဲ့ ကြုံရတယ်ဆိုပြီးတော့ ပြန်လည် တင်ပြတာရှိတယ်၊ ပြန်လည်တင်ပြတာရှိတော့ အဲဒီစာရင်းဇယားတွေမပြီးတဲ့အပေါ်မှာ ဆက် လက်ဆောင်ရွက်ဖို့က ရှေ့မတိုးဘူးဖြစ်နေတာပေါ့၊ ရှေ့မတိုးတဲ့လုပ်ငန်းစဉ်ကို အခုမှပြန်တိုးရတဲ့ သဘောဖြစ်နေတယ် မေးမြန်းစုံစမ်းနေတုန်းအဆင့်ပဲရှိပါသေးတယ်"

လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇေယျာသိမ်းကတော့ အရင်တိုင်းဒေသကြီးအစိုးရဟောင်းက လက်ရှိအစိုးရသစ်ကို လွှဲပြောင်းပေးရမယ့် ဒေသဖွံံ့ဖြိုးရေးရန်ပုံငွေက ကျပ်သိန်းငါးသောင်းနဲ့ ကျပ်သိန်း ၇ သောင်းကြားမှာရှိတယ်လို့ အာအက်ဖ်အေကို သူကခန့်မှန်းပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။