ပဲခူးတိုင်းဝန်ကြီးချုပ်ကို တည်ခင်းဧည့်ခံဖို့ ရွာသားတွေထံက ငွေကောက်


2014.10.08

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကျုံပါချောင်းဝကျေးရွာမှာ လာမယ့် အောက်တိုဘာလ ၁ဝ ရက်နေ့ ကျင်းပမယ့် အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း တက်ရောက်မှာဖြစ် တာကြောင့် တည်ခင်းဧည့်ခံဖို့အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံအာဏာပိုင်တွေက ကျေးရွာ သူကျေးရွာသားတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

ကျောင်းသားတစ်ဦးကို ငွေကျပ် နှစ်ထောင်နဲ့ အိမ်ထောင်စုတစ်စုကို ငွေကျပ် သုံးထောင်ကနေ တစ်သောင်းခွဲအထိ ပေးရတယ်လို့ ဒေသခံ ဦးမျိုးမြင့်အောင်က ပြောပါတယ်။

"ကျောင်းတွေမှာ ကောက်တာမဟုတ်ဘူးခင်ဗျ၊ သူတို့ကအိမ်မှာ လာကောက်တယ်၊ အိမ်ထဲမှာ ကျောင်းသား တစ်ယောက်ကို နှစ်ထောင်ထည့်ရတယ်၊ သုံးယောက်ရှိလို့ရှိရင် လေးထောင်၊ နှစ်ယောက်ရှိလို့ရှိရင် သုံးထောင်ကောက်တယ်၊ ဒါကကျောင်းသားတွေကို ကောက်တာ၊ အိမ်ထောင်စုတွေကျတော့ တတ်နိုင်တဲ့အခြေအနေပေါ်မူတည်ပြီး အနည်းဆုံး သုံးထောင်ကနေပြီးတော့ တစ်သောင်းခွဲလောက် အထိကောက်တယ်"

သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးကလည်း အဲဒီ့ကျောင်းဆောင်ကို အစိုးရဘတ်ဂျက်ငွေနဲ့ ဆောက်လုပ်ခဲ့တာမဟုတ်ဘဲ ဒေသခံတွေရဲ့ လှူဒါန်းငွေနဲ့ တည်ဆောက်ခဲ့ တာဖြစ်တယ်လို့ ပြောပါတယ်။

"ကျုံပါချောင်းဝကျေးရွာက အလက ကနေပြီးတော့ အထကခွဲ အဖြစ် တိုးမြင့်ခြင်းခံရတာ၊ အဲဒီ့မှာ ကျောင်းဆောင် နဲ့ ကျောင်းသားမမျှတဲ့အခါကျတော့ ရပ်မိရပ်ဖတွေက သူတို့တွေရဲ့ငွေနဲ့ အရပ်ကစုပြီးတော့ ကျောင်းဆောင်လေး တစ်ဆောင်ဆောက်တယ်၊ ဆောက်တဲ့အခါကျတော့ မနှစ်က သိန်းတစ်ထောင် ဖွံ့ဖြိုးရေးကို ဆယ့်ငါးသိန်း ချပေးလိုက်တာပေါ့လေ၊ အဲ့ကျောင်းဆောင်လေးကို ဖွင့်ပွဲလုပ်မှာပေါ့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ကြီးချုပ် ဦးဉာဏ်ဝင်းက တက်ရောက်ဖွင့်လှစ်ပေးမယ်လို့ သိရတယ်၊ ဖွင့်ပွဲဧည့်ခံကြေးဆိုပြီးတော့ မထည့်မနေရ သူတို့ကောက်ခံတယ်"

သနပ်ပင်မြို့နယ်မှာ စာသင်ကျောင်း ၁၁ ကျောင်းရှိပြီး ကျုံပါချောင်းဝကျေးရွာက အထက်တန်းကျောင်း မှာ ကျောင်းသား ကျောင်းသူဦးရေ ၄ဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေထံက ဖြေရှင်းချက်ရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။