ရွေးကောက်ပွဲအပေါ် အထူးသံသယရှိကြောင်း သြစတြေလျပြော

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာနည်းတူ သြစတြေလျ နိုင်ငံအနေနဲ့ အထူး သံသယ ဖြစ်မိကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ဒီကနေ့ ပြောလိုက်ပါတယ်။

2010.10.31

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့ ဥပဒေတွေအောက်မှာ ကျင်းပတာဖြစ်ပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေဟာလည်း တင်းတင်းကြပ်ကြပ် ကန့်သတ ်ခံနေကြရကြောင်း၊ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လေ့လာသူတွေကို ပိတ်ပင်ထားကြောင်း၊ နိုင်ငံရေး ပါတီ ၁၁ ပါတီ ဖျက်သိမ်းခံထားရသလို ပါတီ အတော်များများလည်း မှတ်ပုံတင်ခွင့် မရခဲ့ကြောင်း သြစတြေလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ စည်းရုံးလှုပ်ရှားခွင့် ကန့်သတ်ခံထားရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော်လည်း အကျဉ်းကျနေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှွတ်ပေးဖို့လည်း Mr. Rudd က တောင်းဆိုလိုက်ပါတယ်။

ရလာတဲ့ အခွင့်အရေး အနည်းငယ်ကို ယူပြီး ရွေးကောက်ပွဲဝင်မယ့် အစိုးရနဲ့ မသက်ဆိုင်တဲ့ ပါတီ ၃၇ ပါတီရှိပြီး ဒီ ပါတီတွေအပေါ်မှာလည်း ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ပါတီတွေနည်းတူ သြစတြေလျက လေးစားကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာ အာစီယံအဖွဲ့မှာ အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် သြစတြေလျ အစိုးရက သြစတေလျ ဒေါ်လာ ၄၈ သန်းကျော် ကူညီခဲ့သလို ဂီရိမုန်တိုင်း ဘေးအတွက် ကနဦးအလှူငွေ ဒေါ်လာ ၂ သိန်း ထောက်ပံ့ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။