ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်
2012.08.18
သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လက်ခံပြီးပြီလို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက-
"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှုရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာလိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"
အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇာတ်ဆောင်သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။
ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။