ကိုအောင်ကိုထွေးအမှုကို ရုံးပြောင်းစစ်ဆေးပေးဖို့ လျှောက်ထား


2018.04.24
aungkohtwe-622.jpg ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Waimar Tun/ RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လက်ရှိအမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အထိမ်းအမှတ် ဥပဒေ ပုဒ်မ ၇ အမှုကို တရားရုံးပြောင်း စစ်ဆေးပေးဖို့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးထံ လျှောက်ထားလိုက်ပါတယ်။

ကိုအောင်ကိုထွေးကို တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ နဲ့ တရားစွဲဆိုထားတဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကို ကိုယ်တိုင် အမှုကို ဆက်စစ်ဆေးမယ်ဆိုရင် တရားမျှတမှုမရှိနိုင်ဘူးလို့  ကိုအောင်ကိုထွေး ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“မလျှောက်ထားလို့ မရနိုင်တဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ အကြီးဆုံးဖြစ်တဲ့ တရားသူကြီးနဲ့ အဆင်မပြေဖြစ်လို့ တရားစီရင်ရေး နှောင့်ယှက်ပါတယ်ဆိုပြီးတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၈ နဲ့ပါ တရားစွဲဆိုထားတော့၊ သူကိုနောက်ထပ်စွဲလာတဲ့အမှုကို အဲဒီ တရားသူကြီးဆီမှာပဲ ပြန်စစ်ရမယ်ဆိုရင် ဘယ်လိုမှ မျှတမှုမရှိနိုင်ဘူး။ သူတို့ကလည်း ကန့်ကွက်ရန်မရှိ သဘောတူညီပါတယ်။ သူတို့လည်း ဒီဟာကို ပြောင်းမှာနဲ့ပတ်သက်ရင် မပြောင်းပါနဲ့ဗျာလို့ တစ်လုံးမှမပြောဘူး”

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးပြောင်းခွင့်လျှောက်ထားရမှာဖြစ်ပြီး ဦးစားပေးအနေနဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ် တရားရုံးနဲ့ တာမွေမြို့နယ်တရားရုံးတွေကို ချထားပေးဖို့ တင်ပြသွားမယ်လို့ ပြောပါတယ်။

ကိုအောင်ကိုထွေးဟာ ကလေးစစ်သားဘဝအတွေ့အကြုံတွေကို သတင်းမီဒီယာကနေ တဆင့်ထုတ်ဖော် ပြောဆိုခဲ့မှုကြောင့် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုကို ရင်ဆိုင်စဉ်မှာ တရားသူကြီးကို ဆဲဆိုမှုအတွက် တရားရုံးမထီမဲ့မြင်မှုနဲ့ ထပ်မံတရားစွဲဆိုခံရပြီး အမှုနှစ်ခုအတွက် ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံထားရတာဖြစ်ပါတယ်။

တရားရုံးကို သပိတ်မှောက်ပြီး တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်က နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ ထပ်မံအမှုဖွင့်တရားစွဲဆိုထားမှုကို လက်ရှိရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကိုအောင်ကိုထွေးကို လာမယ့် မေလ ၈ ရက်နေ့မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ရုံးထုတ်မှာဖြစ်ပြီး အဲဒီနေ့မှာ သူနဲ့အတူတရားစွဲခံရသူ ၃ ဦးကို တရားရုံးက တရားခံပြေးအဖြစ်တင်သွင်းပြီး အမှုကို ဆက်လက် စစ်ဆေးသွားဖို့ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။