ပခုက္ကူမှာ စစ်ကောင်စီတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ
မကွေးတိုင်း ပခုက္ကူမြို့မှာ ဇန်နဝါရီ ၂၈ ရက် မနေ့ည ဆယ်နာရီလောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဗုံးခွဲတိုက်ခိုက်ခံရလို့ နှစ်ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့တွင်းလှည့်ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဗုံးခွဲတိုက်ခိုက်ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"မနေ့ညက မြို့ပေါ်မှာ အတော်ကိုကြမ်းနေတာ၊ ဗုံးနှစ်လုံးတောင်ကွဲတယ်။ ပြီးတော့ လည်း စစ်တပ်က မြို့အနှံ့ကို ပစ်ခတ်နေတော့တာ"
Pakokku Ranger အဖွဲ့က သူတို့လက်ချက်လို့ဆိုပြီး ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ငါးဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။
အရင်ညတွေက ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ညဘက် သေနတ်ပစ်ဖောက် တာတွေရှိနေပြီး လာမယ့် ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်မှာ ဈေးဆိုင်တွေ မပါဝင်ဖို့ စာရွက်တွေလိုက်ဝေသလို ဆိုင်ပိုင်ရှင်တွေကိုလည်း လက်မှတ်ထိုးခိုင်းနေတယ်လို့ မြို့ခံတွေ က ပြောပါတယ်။