ပြည်ထောင်စု စိတ်ဓါတ် ခိုင်မာရေး ဗမာ တိုင်းရင်းသားတွေ ပိုတာဝန်ရှိ

စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ် ခိုင်မာဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ကျရောက်ခဲ့တဲ့ (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

2012.02.13

ရွှေဂုံတိုင်ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု စိတ်ဓါတ် ခိုင်မာရေးမှာ ဗမာတိုင်းရင်းသားတွေက ပိုပြီး တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့ မလွယ်ကူကြောင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်တစ်ရပ် ထူထောင်ဖို့ အများကြီးပိုပြီး ခက်ခဲကြောင်း၊ ဒါပေမဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်နဲ့သာ ထူထောင်ကြမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိကြောင်း၊ မိမိအနေနဲ့ တစ်သွေးတစ်သံ တစ်မိန့်ဆိုတဲ့ အာဏာရှင် ဆန်တဲ့ အယူအဆ မတူကွဲပြားမှုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်စွမ်း ကိုသာပိုပြီး နှစ်သက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုနေ့အခမ်းအနားမှာ ဖျော်ဖြေရေး အစီအစဉ်တွေပါဝင်ပြီး NLD အဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

အလားတူ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ စုပေါင်းကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။