နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2012.01.16

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell နဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။
အန်အယ်လ်ဒီက ပေးပို့တဲ့ စာရင်းကို အခြေခံပြီး နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတယ်လို့ ပြီးခဲ့တဲ့ စနေနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။
အခု လွှတ်လိုက်တဲ့ စာရင်းကို အန်အယ်လ်ဒီက စိစစ်နေပြီး နိုင်ငံရေး အကျဉ်းသား ဘယ်နှဦး ကျန်နေသေးလဲဆိုတာ ကြည့်ပြီး ဆက်လက် ဆောင်ရွက်ရပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက အာအက်ဖ်အေကို ခုလိုပြောပြထားပါတယ်။
“နိုင်ငံရေးအကျဉ်းသား တကယ်လွှတ်လိုက်တာ ၃ဝ၂ ဦး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများပေါ့။ ၁၂၈ ဦး ကျန်နေတယ်။ အဲဒီ ၁၂၈ ဦးက ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့လူတွေလို့ ပြောတယ်။ ပြစ်မှုကြီး ဆယ်ခုနဲ့ ငြိနေတဲ့ ဥစ္စာပေါ့”
ကြည့်မြင်တိုင်က လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးလို ဖောက်ခွဲမှု စွဲချက်တင်ခံရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြား မလွတ်မြောက်သေးဘူးလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောဆိုနေကြပါတယ်။