ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရှိမှု အမေရိကန် ကြိုဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ရှိလာတဲ့အပေါ် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြိုဆိုလိုက်ပါတယ်။

2012.05.02
assk-clinton-day2-305 အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ အတူတွေ့ရစဉ်။
RFA

တရုတ်ပြည် ဘေဂျင်းမြို့တော်ကို အသွားမှာ Mrs. Clinton က ကြေညာချက်ထုတ်ပြန် ကြိုဆိုလိုက် တာပါ။ ကြေညာချက်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက -

"အခုလို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို တက်ရောက်လိုက်တာဟာ မြန်မာပြည်ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်သလို၊ ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက် ပေါ်ပေါက်ဖို့အတွက် တွန်းအား တစ်ရပ်လည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲကို ဦးတည်ပြီး ဆောင်ရွက်တဲ့၊ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးဟာ ပိုပြီး သာယာဝပြောတဲ့ လူ့ဘောင်တစ်ရပ် တည်ဆောင်ရေးအတွက် အထောက်အကူပြုမှာ အမှန်ဖြစ်ပါတယ်။ မိမိအနေနဲ့ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအားလုံး အခွင့်အလမ်းသစ်တွေကို လက်လွတ်မခံဘဲ အမိအရ ဖမ်းဆုပ်ပြီး မြန်မာပြည်ရဲ့ ပြဿနာတွေနဲ့ စိန်ခေါ်ချက်တွေကို အတူလက်တွဲ ဖြေရှင်းကြဖို့ အာပေး တိုက်တွန်း လိုက်ပါတယ်"လို့ ပြောဆိုပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်အောင် ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ကိုလည်း ချီးမွမ်းစကား ဆိုလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတဖို့ မျှော်လင့်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည်မှာ စီးပွားရေးပိတ်ဆို့မှု တချို့ကို ယာယီဆိုင်းငံ့လိုက်ပေမဲ့ အပြောင်းအလဲတွေ နောက်ပြန်မလှည့်နိုင်ဖို့ ပိတ်ဆို့မှုတွေကို လုံး၀ ရုပ်သိမ်းဦးမှာ မဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။