စစ်ကောင်စီကို ပိုထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ အမေရိကန်ကို NUG တောင်းဆို
2024.06.22

စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ပိုပြီးပြင်းထန်တဲ့ စီးပွားရေးနဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့တာအပါအဝင် အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိတစ်ဦးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဇွန်လ ၂၂ ရက် ဒီနေ့ တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်တာပါ။
လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊ ဆိုးရွားလာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြည်သူတွေအပေါ် အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို တင်ပြခဲ့ပြီး ဒီအကျပ်အတည်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ၊ အဓမ္မ စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို တိုက်ရိုက်ကူညီတာတွေ အမြန်ဆုံးလုပ်ပေးဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်ကောင်စီကို အခုထက် ပိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ပြည်သူတွေကို ကူညီတာတွေ လုပ်သွားမယ်လို့ ကတိပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။