အစိုးရသက်သေအဖြစ် ထွက်ဆိုပေးဖို့ သတင်းသမားကို ရဲတပ်ဖွဲ့ ပြော
2018.06.24
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဝေဖန်မှုနဲ့ စစ်တွေမြို့က တက်ကြွလှုပ်ရှားသူ တစ်ဦးကို ပြည်နယ်အစိုးရက တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး DVB သတင်းဌာနရဲ့ ဒေသခံ သတင်းသမား တစ်ဦး ကို အစိုးရဘက်က သက်သေအဖြစ် ထွက်ဆိုပေးဖို့ ရဲတပ်ဖွဲ့က မနေ့က ခေါ်ယူပြောဆိုခဲ့ပါတယ်။
မနေ့ညနေက စစ်တွေမြို့မရဲစခန်းက ခေါ်ယူတွေ့ဆုံရာမှာ သူ့အနေနဲ့ ငြင်းဆိုခဲ့တယ်လို့ DVB သတင်းဌာရဲ့ ဒေသခံသတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောပါတယ်။
"အခုလို တရားလိုသက်သေအနေနဲ့ထည့်တာကတော့ ဒါ သတင်းသမားတစ်ယောက်အနေနဲ့တော့ မဖြစ်သင့် ဘူးလေ၊ အခုလိုလုပ်တာကလေ ဘာကြောင့်လဲဆိုတော့ ဒီဖြစ်စဉ်ရဲ့နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ ပြည်သူကြားနဲ့ အစိုးရကြား၊ လွှတ်တော်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေလွဲလာနိုင်တယ်၊ လွဲလာတဲ့အခါမှာ ပြဿနာတွေ တစ်စုံတစ်ရာ မတက်နိုင်လာဘူးဆိုတာ ပြောမရဘူး၊ မီဒီယာသမားဆိုတာ ကြားမှာပဲ အဓိကရပ်တည်ပြီးနေရတဲ့အခါကျတော့ ဒီလိုတရားလိုသက်သေအနေနဲ့ထည့်တာကတော့ လက်ခံလို့ မရဘူးပေါ့နော်၊ ကျနော့်အနေနဲ့ကတော့ မဖြစ်သင့်ဘူးလို့ ယူဆတာပေါ့"
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနဲ့ အစိုးရအဖွဲ့ကို ဝေဖန်ပုတ်ခတ်ပြောဆိုတယ်ဆိုပြီး စစ်တွေမြို့က တက်ကြွလှုပ်ရှားသူ ဦးအောင်သန်းဝေ ကို နိုင်ငံသားအခွင့်အရေး ဆိုင်ရာဥပဒေ ချိုးဖောက်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) စတဲ့အမှုနှစ်ခုနဲ့ ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့မရဲစခန်းမှာ ပြည်နယ်အစိုးရက အမှုဖွင့်ထားတာပါ။
ဒီအမှုမှာ အစိုးရဘက်က သက်သေအဖြစ်ထွက်ဆိုဖို့ ကာယကံရှင်ကို အသိမပေးဘဲ ထည့်သွင်းထားတာဖြစ်ပြီး သတင်းမီဒီယာသမားတစ်ဦးအနေနဲ့ သက်သေထွက်ဆိုဖို့ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ရာမှာ ရဲအရာရှိတွေက တရားရုံးမှာ ဆက်လက်ဖြေရှင်းဖို့ ပြောတယ်လို့ သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူး လှဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
DVB သတင်းဌာနရဲ့ စီမံခန့်ခွဲမှုတာဝန်ခံ ဦးသန်းဝင်းထွဋ်ကတော့ မနက်ဖြန်မှာ ဌာနတွင်း အစည်းအဝေးလုပ်မှာ ဖြစ်တဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် တစ်စုံတစ်ရာ ပြောဆိုလို့မရသေးဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သတင်းသမားတွေ သတင်းယူခွင့် ကန့်သတ်ခံရတာ၊ အစိုးရကဘက်က သတင်းသမားတွေကို လက်ခံစကားမပြောတာတွေ ရင်ဆိုင်နေရတာဖြစ်သလို သတင်းသမားတစ်ဦးကို အသိမပေးဘဲ အစိုးရ သက်သေ အဖြစ် ထွက်ဆိုဖို့ စာရင်းထည့်သွင်းတာတွေဟာ လွတ်လပ်စွာသတင်းယူခွင့်ကို ထိခိုက်စေတယ်ဆိုပြီး ဒေသခံ သတင်းသမားတွေက ပြောပါတယ်။