ပညာရေးအတွက် ကျပ်သိန်းတစ်ထောင် အရှင်ဆန္ဒာဓိက လှူဒါန်း
2015.03.05

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ပညာရေးဖောင်ဒေးရှင်းက ၂ဝ၁၄ - ၂ဝ၁၅ ပညာသင် နှစ်အတွက် ကျပ်သိန်းတစ်ထောင်ကျော် ထောက် ပံ့ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း Sedona ဟိုတယ်မှာ တတိယအကြိမ် တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ခြင်းနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားခဲ့တာပါ။
ဆရာတော်က သပိတ်မှောက်ကျောင်းသူ ကျောင်း သားတွေ တောင်းဆိုနေတဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြောင်းနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာမှာ ဟန်ပြအဖြစ်မလုပ်ဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။
"ပညာရေးကို အဆင့်မြင်စနစ်ဖြစ်အောင်ဆိုပြီးတော့ ပြုပြင်ဖို့အတွက် ကျောင်းသားတွေတောင်းဆိုနေ ကြတယ်၊ အခုလည်း ဆွေးနွေးနေကြတယ်ပေါ့နော်၊ ဗန်း ၁၁ ချပ်လုပ်ပေးထားတာကတော့ ကျောင်း သားတွေတောင်းဆိုနေကြတဲ့ တောင်းဆိုချက်က ၁၁ ချက်ရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ ၁၁ ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗန်း ၁၁ ချပ်လုပ်ထားတာပါ၊ ဒီပညာရေးစနစ်ကိုလည်းပဲ ပြုပြင်တာကိုလည်းပဲ ဗန်းပြ မလုပ်ပဲ ပန်းပြလုပ်ပါ၊ ဟန်ပြမလုပ်ပဲနဲ့ စံပြဖြစ်အောင်လုပ်ပါဆိုတဲ့ အဓိပ္ပါယ်တွေပါပဲ"
ဒီနှစ်အတွက် ကျပ်ငွေသိန်းတစ်ထောင် ထောက်ပံ့ငွေကို ကျောင်းသူ ကျောင်းသား ၁၃ဝ က လက်ခံရရှိမှာ ဖြစ် ပါတယ်။
ရွှေပါရမီ တက္ကသိုလ်ပညာသင်ဆုကို ဆေးတက္ကသိုလ်၊ သူနာပြု၊ ရန်ကုန်နည်းပညာ၊ မန္တလေးနည်းပညာ၊ ရတနာပုံ ဆိုက်ဘာစီးတီး၊ ရေကြောင်း၊ ပညာရေးတက္ကသိုလ်နဲ့ ပညာရေးကောလိပ်ကျောင်းတွေမှာ ပညာသင်ယူနေ ကြတဲ့ နွမ်းပါးပြီးထူးချွန်တဲ့ ကျောင်းသားတွေကို ပေးအပ်ထားပါတယ်။
ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်ကို ၂ဝ၁၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ဝ၁၃၊ ၂ဝ၁၄ ခုနှစ်အတွက် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသား ၅၅ဝ ကျော်အတွက် ကျပ်ငွေသိန်းပေါင်း ၃ ထောင်ကျော် ထောက်ပံ့ခဲ့ပါတယ်။