အာဆီယံအစည်းအဝေးကို သပိတ်မှောက်တာ မဟုတ်ဘူးလို့ စစ်ကောင်စီပြော

အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ မတက်ရောက်တာဟာ အာဆီယံအပေါ် မကျေနပ်တဲ့အတွက် သပိတ်မှောက်တာ မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုတာသာ ဖြစ်တယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။
အာဆီယံနိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး စတင်တဲ့ အောက်တိုဘာလ ၂၆ ရက် ဒီကနေ့မှာပဲ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ဒီနေ့ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကလွဲလို့ တခြား အာဆီယံနိုင်ငံ ၉ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်နေပါတယ်။ အခုကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို အမေရိကန်၊ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိပါတယ်။
အာဆီယံအစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားစာရခဲ့ပေမယ့် နိုင်ငံ့အကြီးအကဲအဆင့်ကို ဖိတ်ကြားတာ မဟုတ်လို့ မတက်တာလို့ စစ်ကောင်စီက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ ဝင်ရောက်ချိန်ကစလို့ လုပ်ထုံးလုပ်နည်းတွေကို ပူးပေါင်းဆောင်ရွက်ခဲ့သလို၊ မြန်မာ့အရေး အာဆီယံ အရေးပေါ်အစည်းအဝေးက ချမှတ်ထားတဲ့ အချက် ၅ ချက်ကို အကောင်အထည် ဖော်ရာမှာ ဆက်လက်ပူးပေါင်းမှာဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့စတင်တဲ့ အစည်းအဝေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က… မြန်မာနိုင်ငံကို ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အာဆီယံက ဖယ်ကျဉ်ထားတာမဟုတ်ဘဲ နိုင်ငံရေးနဲ့ မပတ်သက်သူ တစ်ဦးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ကြောင်း၊ ဒါပေမယ့် ဒီဖိတ်ကြားချက်ကို စစ်ကောင်စီဘက်ကသာ ငြင်းဆန်ခဲ့တာဖြစ်တာကြောင့် အစည်းအဝေးမှာ "အာဆီယံ-အနုတ်တစ်" ဖြစ်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတွေက ဝင်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံရဲ့ အခြေခံမူဝါဒကို လေးစားလိုက်နာဖို့ အရေးကြီးတယ် ဆိုပေမယ့် ဒီမိုကရေစီရေး၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ရေး စတာတွေကိုလည်း လိုက်နာဖို့လိုကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ပြောကြားချက်ကို ကိုးကားပြောဆိုခဲ့ပါတယ်။
စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း… မြန်မာနိုင်ငံမှာ ဆက်တိုက်ဖြစ်ပျက်နေတဲ့ သွေးထွက်သံယိုမှုတွေကို လျှော့ချနိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ကို အပြည့်အဝ မြန်မြန်ဆန်ဆန် ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေဟာ မြန်မာပြည်သူတွေအတွက် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေသလို အာဆီယံရဲ့သိက္ခာကိုလည်း ထိခိုက်ပါတယ်လို့ စင်ကာပူဝန်ကြီးချုပ်က ပြောပါတယ်။
ဒီကနေ့ အာဆီယံ အစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံ ၉ နိုင်ငံကြား သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ရဲ့ သမိုင်းမှာလည်း အဖွဲ့ဝင်နိုင်ငံတစ်ခုကို ချန်လှပ်ပြီး ထိပ်သီးအစည်းအဝေး ကျင်းပတာ အခုပထမဆုံးအကြိမ် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။