အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ငလျင်ဘေးသင့် မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်နေ့ လာရောက်မည်
2025.03.31

အာဆီယံ သဘာပတိ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် ဧပြီလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း အာဆီယံက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာ နဲ့ ထိုင်းနိုင်ငံက အင်အားပြင်း ငလျင်ဒဏ်ခံခဲ့ရသူတွေ အရေး နဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မတ်လ ၃၀ ရက်နေ့က အရေးပေါ် အထူးအစည်းအဝေး ကျင်းပပြီးနောက် ထုတ်ပြန်လိုက်တာပါ။
အစည်းအဝေးမှာ အာဆီယံဝန်ကြီးတွေက ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာ နဲ့ ထိုင်း နိုင်ငံက အထူးသဖြင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ဘန်ကောက်၊ ချင်းမိုင် နဲ့ အနီးတဝိုက်ဒေသတွေက ထိခိုက် သေဆုံးမှုတွေ ပျက်စီးမှုတွေအတွက် အထူး ဝမ်းနည်းကြေကွဲကြောင်း ပြောဆိုခဲ့ကြပါတယ်။
အခုလို ဘေးကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စည်းလုံးညီညွတ်စွာ နဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ မိသားစုတွေ နဲ့ အသိုက်အဝန်းတွေကို ကူညီဖို့ သံဓိဌာန်ချထားကြောင်းလည်း ပြောပါတယ်။
အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးစင်တာ AHA Center က အာဆီယံအရေးပေါ် တုံ့ပြန်ရေး နဲ့ အကဲဖြတ်ရေးအဖွဲ့ (ERAT) နဲ့ အာဆီယံ ဘေးအန္တရာယ် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးစနစ် (DELSA) က တဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ စုစည်း ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အသက်ကယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု အရေးကြီးကြောင်း နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့ရေးအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေကို အလေးထားဆောင်ရွက်ကြဖို့ အာဆီယံဝန်ကြီးတွေက မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
AHA Center ရဲ့ အကူအညီနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်ပံ့ပိုးနိုင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ကတိကဝတ်ပြုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒီအစည်းအဝေးကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပြီး လက်ရှိ ငလျင်ဘေး ကယ်ဆယ် ဆောင်ရွက်နေတဲ့အခြေအနေတွေကို ရှင်းပြခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းအားမြင့် ငလျင်နဲ့ဆက်စပ်တဲ့ ငလျင်ငယ် ၁၇ ကြိမ် ကြုံတွေ့ခဲ့ရတဲ့အတွက် လတ်တလော ပျောက်ဆုံးသူတွေ ရှာဖွေကယ်ဆယ်ရေး နဲ့ ယာယီနေထိုင်ရေးတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေတွက် အကူအညီ အဓိက လိုအပ်နေကြောင်း၊ ပြိုကျ ပျက်စီးမှုမရှိတဲ့ အဆောက်အအုံတွေ ဘေးအန္တရာယ်ရှိမရှိ ဆန်းစစ်ဖို့ နဲ့ ပြင်ဆင်ဆောက်လုပ်ရေးတွေမှာ ဝိုင်းဝန်းကူညီပံ့ပိုးဖို့ အာဆီယံဝန်ကြီးတွေကို မေတ္တာရပ်ခံခဲ့တယ်လို့ ဖော်ပြပါတယ်။