ငလျင်ကြောင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.03.31
ငလျင်ကြောင့် သေဆုံးသူ ၂၄၀၀ ကျော်ရှိကြောင်း NUG ထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁၂၂၂) တပ်ရင်း TRI ဗျုဟာက ငလျင်ဒဏ်သင့် ဒေသများတွင် လူသားစာနာမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။
NUG

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ ဦးရေ ၂၄၁၈ ဦးရှိပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာက အဖွဲ့တွေလည်း နေပြည်တော်နဲ့ မန္တလေးမြို့ပေါ်က နေရာတချို့သာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာကြောင့် ရှာဖွေကယ်ဆယ်ရေး ထိထိရောက်ရောက် မဆောင်ရွက်နိုင်တဲ့ အခြားမြို့နယ်တွေ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းက မြို့နယ်တချို့ကို စစ်တပ်က လက်နက်ကြီးတွေ နဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လုံခြုံရေးဆိုင်ရာအန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မန္တလေး နဲ့ စစ်ကိုင်းက မြို့နယ်တစ်ချို့မှာ ငလျင်ကြောင့် မြေအက်ကွဲပြီး မြေအောက်ရေ ပန်းထွက်ခြင်း၊ တွင်းရေ မထွက်တော့ခြင်း၊ ရေအရောင်ပြောင်းလဲခြင်းတွေကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေပြီး၊ စစ်ကိုင်းမြို့နယ်မှာ ရေမသန့်ရှင်းခြင်းကြောင့် ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်နေခြင်းကြောင့် အိမ်ပြိုသွားသူတွေသာမက မပြိုဘဲကျန်သူတွေပါ လမ်းပေါ် နဲ့ ကွင်းပြင်မှာ အိပ်စက်နေရတာကြောင့် ယာယီတဲတွေ နဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ လည်း ဖော်ပြပါတယ်။

လျပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေး နဲ့ လုံခြုံရေး စိန်ခေါ်မှုတွေ ဆက်လက်ကြုံနေရပြီး အခုသီတင်းပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးရွာနိုင်တဲ့အတွက် နေအိမ်ပျက်စီးသွားတဲ့ ငလျင်ဘေးသင့်ပြည်သူတွေအနေနဲ့ ယာယီနေထိုင်ဖို့ နေရာအခက်အခဲတွေ ပိုပြီးကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။

စားသုံးကုန် နဲ့ လောင်စာဆီ ပြတ်လပ်မှု နဲ့ စျေးနှုန်းကြီးမြင့်တာတွေကြောင့် ငလျင်ဘေးသင့် ဒေသတွေမှာ ထောက်ပံ့ပစ္စည်းတွေ ဝယ်ယူပို့ဆောင်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိတယ်လို့ လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။