ငြိမ်းချမ်းရေးဘုံသဘောတူညီချက် အရေးပါမှုကို အာဆီယံခေါင်းဆောင်တွေ ထပ်မံအတည်ပြု

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဆွေးနွေးရာမှာ အာဆီယံက ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးချက်ရဲ့ အရေးပါမှုနဲ့ သက်ဆိုင်မှုကို ထပ်လောင်း အတည်ပြုခဲ့တယ်လို့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဒီနေ့ ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီနေ့ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အတည်ပြုခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ပိုမိုစိတ်ပိုင်းဖြတ်ထားကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဒီအစည်းအဝေးမှာ ပြောကြားပါတယ်။ အာဆီယံအနေနဲ့ စိတ်ဓာတ်မကျသင့်ဘဲ မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့ ဖြေရှင်းတဲ့နည်းလမ်း ဆီရောက်အောင် ကူညီဖို့ သံဓိဋ္ဌာန်ချထားတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ကလည်း ပြောပါတယ်။
ဒီနေ့အစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်သူမရှိခဲ့ပါဘူး။ စစ်အာဏာ သိမ်းလိုက်တဲ့နောက် အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေကို မနှစ်ကစလို့ မြန်မာ စစ်ဗိုလ်ချုပ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တက်ရောက်ဖို့ ဖိတ်ကြားပေမယ့် စစ်ကောင်စီက လက်မခံဘူးလို့ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာ့ပြဿနာကို အာဆီယံက ဆောင်ရွက်နိုင်တယ် ဒါမှမဟုတ် မကိုင်တွယ်နိုင်တဲ့ အဆင့်ရောက်နေတယ်၊ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကြေညာချက်ဟာ ထုံးစံအတိုင်း အလုပ်သဘောထက်သာရုံလောက်ပဲ ရှိတာကို ထင်ဟပ်တယ်၊ ဒါဟာ အထူးကို စိတ်ပျက်စရာပါပဲလို့ HRW က ပြောပါတယ်။
မြန်မာစစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Daniel Kritenbrink ကလည်း ဝါရှင်တန်ဒီစီက သုတေသနအဖွဲ့ကို မနေ့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ အသွင် ကူးပြောင်းနေချိန် လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း တိုးတက်မှုအားလုံးကို အာဏာသိမ်း စစ်ခေါင်းဆောင်အဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။