အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီဝါဒဖြန့်ဖို့ ဖြစ်နေ

2021.12.24
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီဝါဒဖြန့်ဖို့ ဖြစ်နေ
Screenshot: Justice Myanmar

မြန်မာစစ်ကောင်စီဟာ အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ ဆွေးနွေးဘက်နိုင်ငံများ အစည်းအဝေးကို ဝါဒဖြန့်ချိရေး အတွက် အသုံးပြုခဲ့သလို၊ တက်ရောက်ဆွေးနွေးခဲ့တဲ့ နိုင်ငံတွေဟာလည်း မြန်မာစစ်တပ်ကို ရာဇဝတ်မှုတွေ ဆက်ပြီးကျူးလွန်အောင် ရဲဆေးတင်ပေးသလို ဖြစ်နေတဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း Justice for Myanmar အဖွဲ့က ပြောလိုက်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံ ပူးတွဲပြီး ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၂ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် "အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့" (ADMM-PLUS) အစည်းအဝေးကို အာဆီယံနိုင်ငံတွေ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးထောက်ခံတယ်ဆိုပြီး ကြေညာထားတဲ့ အမေရိကန်၊ ဩစတြေးလျနဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုးရီးယား စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

စစ်ကောင်စီ ကိုယ်စားပြုတက်ရောက်တဲ့ ဗိုလ်ချုပ် အောင်မျိုးသန့်က "မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ရာမှာ… ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် အာဏာသိမ်းခဲ့ရကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့တွေ ဟာလည်း အကြမ်းဖက် အဖွဲ့အစည်းတွေ ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါဟာ မဟုတ်မမှန် သတင်းတု၊ သတင်းအမှားတွေကို ပြောဆိုပြီး ဝါဒဖြန့်ချိဖို့အတွက် အာဆီယံ အစည်းအဝေး ကို အာဏာသိမ်းစစ်ကောင်စီက အသုံးချခဲ့တာဖြစ်ကြောင်း၊ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတွေဟာလည်း ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း မရှိဘဲ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ရဲဆေး တင်ပေးလိုက်တဲ့ သဘော ဖြစ်တဲ့အတွက် အပြင်းအထန်ရှုတ်ချကြောင်း Justice for Myanmar အဖွဲ့က ပြောပါတယ်။

ဒီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့အတွက် တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို တရားဝင် ဖြစ်မှု ရရှိစေကြောင်းနဲ့၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် မီးစတစ်ဘက် ရေမှုတ်တစ်ဘက် လုပ်နေတာကို ရပ်တန်းက ရပ်ဖို့လည်း Justice for Myanmar က တိုက်တွန်းထားပါတယ်။

Justice For Myanmar အဖွဲ့ဟာ မြန်မာပြည်သူတွေ တရားမျှတမှုနဲ့ တာဝန်ခံမှု ရရှိ‌စေဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။