အာဆီယံဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာခရီးစဉ် ဘာတွေထူးခြားနိုင်မလဲ

အေးအေးမွန်(အော်စလို)
2021.06.02
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi တို့ နှစ်ဦး ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် အကြောင်း Reuters နဲ့ South China Morning Post သတင်းတွေမှာ ဒီနေ့ ဖော်ပြထားပေမယ့်၊ ဘယ်နေ့ဘယ်ရက် မြန်မာနိုင်ငံကို ရောက်မယ်ဆိုတာနဲ့ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာကို အတိအကျ ဖော်ပြမထားပါဘူး။
 
ဒီခရီးစဉ်အတွင်း စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ရတယ်လို့သာ ဒီကနေ့ ရရှိတဲ့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။
 
ဒီကိစ္စ အသေးစိတ် သိနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ သူ့အနေနဲ့ ဒီကိစ္စတွေကို ပြောခွင့်မရှိဘူးလို့သာ တုံ့ပြန်ဖြေကြားသွားပါတယ်။
 
အာဆီယံခေါင်းဆောင်တွေ လာရောက်မယ့်ကိစ္စဟာ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံ ဘုံသဘော တူညီချက် ငါးခုထဲက အရေးကြီးတဲ့ အချက်တစ်ချက်အရ လာရောက်တာ ဖြစ်နိုင်ပြီး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး ဖြစ်လိမ့်မယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့  အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
 
thein-tun-oo“ပိုပြီးတော့ ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုပဲ ဖြစ်သွားလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ လောလောဆယ် ဖြစ်နေတဲ့ကာလဟာ ပဋိပက္ခတွေ ဖြစ်နေ တယ်၊ မညီမညွတ်တွေ ဖြစ်နေတယ်ဆိုတာက တခြားသော ပြည်ပ အင်အားစုတွေ ပါဝင်တယ် ဆိုတာ အာဆီယံဘက်က သတိထားမိနေတာ ဖြစ်မှာပါ။ သေချာတာကတော့ အာဆီယံဒေသအတွက် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ခု ဖော်ဆောင်နိုင်ဖို့အတွက် ဦးတည်ပြီး ဆွေးနွေးသွားမယ်လို့ ယူဆပါတယ်။ တခြား အနောက်နိုင်ငံတွေပေးတဲ့ ဖိအားလိုမျိုုး ဖြစ်နိုင်စရာ မရှိဘူးလို့ သုံးသပ်ပါတယ်။ ”
 
အာဆီယံခေါင်းဆောင်တွေရဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် လက်ခံတွေ့ ဆုံမလား၊ တခြားဘယ်သူတွေကို တွေ့ဆုံဖို့ရှိသလဲဆိုတာတွေ သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုး မရှိပါဘူး။
 
ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်တဲ့ အာဆီယံ အထူးအစည်းအဝေးကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး၊ အာဆီယံအဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ချမှတ်ခဲ့ပါတယ်။
 
အဲဒီ ငါးချက်ကတော့ “အကြမ်းဖက်သတ်ဖြတ်မှုတွေကို နှစ်ဖက်စလုံးက အဆုံးသတ်ရေး၊ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ရေး”တို့ ဖြစ်ပါတယ်။

"အာဆီယံအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မြန်မာပြည်ထဲကို လေ့လာဖို့ဆိုတဲ့အစီအစဉ် ရှိပြီးသားဆိုတော့ အဲဒီအပေါ်မှာ စတင်ခြေလှမ်း လှမ်းတယ်လို့ပဲ ယူဆပါတယ်"

အဲဒီ သဘောတူညီချက်တွေ ချမှတ်ပြီး နှစ်ရက်အကြာ ဧပြီလ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “အာဆီယံအဖွဲ့ရဲ့ ဒီတိုက်တွန်းချက်တွေကို ပြည်တွင်းရေးတည်ငြိမ်မှ လက်ခံစဉ်းစားမယ်လို့ အစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့ကြောင်း”  MRTV ည ၈ နာရီ  သတင်းကနေ တစ်နိုင်ငံလုံးသိအောင် ထုတ်လွှင့်ခဲ့ပါတယ်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆင်သင့်မဖြစ်သေးဘူးလို့ ပြောခဲ့ပေမယ့်  အာဆီယံခေါင်းဆောင်တွေ လာရောက်မယ့်ကိစ္စဟာ၊ အာဆီယံ သဘောတူညီချက်တွေကို စတင်အကောင်ထည်ဖော်မယ့် ခြေလှမ်း ဖြစ်နိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက မှတ်ချက် ပေးပါတယ်။ 
 
u phay than-anp“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နကစကောင်စီ ဥက္ကဋ္ဌကလည်း သူ့အနေနဲ့ အဆင်သင့် မဖြစ်သေးဘူး ဆိုတာ ပြန်ကြားထားတာရှိတော့ ဒီပေါ်မှာ နောက်ဆက်တွဲ ဘယ်လို သဘောတူညီချက်မျိုးနဲ့ လာသလဲ ဆိုတာတော့ ကျနော်မပြောတတ်ဘူးပေါ့။ ဒါပေမဲ့ ဒါကတော့ အာဆီယံ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မြန်မာပြည်ထဲကို လေ့လာဖို့ဆိုတဲ့ အစီအစဉ် ရှိပြီးသားဆိုတော့ အဲဒီအပေါ်မှာ စတင်ခြေလှမ်း လှမ်းတယ်လို့ပဲ ယူဆပါတယ်။ ကျနော်တို့နိုင်ငံရဲ့ပဋိပက္ခပေါ်မှာ ကောင်းသောနည်းလမ်းနဲ့ ဖြေရှင်း ပေးနိုင်မယ်ဆိုရင်တော့ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ရှုမြင်ပါတယ်။”
 
အာဆီယံခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမြင်သဘောထား သိနိုင်ဖို့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA က အွန်လိုင်းကတဆင့် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးကတော့ မြန်မာနိုင်ငံက လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ရင် ပြည်တွင်းအားကိုသာ အားကိုးရမှာ ဖြစ်တဲ့အတွက် အာဆီယံခေါင်းဆောင်တွေရဲ့ ခရီးစဥ်အပေါ် ထူးထူးခြားခြား မျှော်လင့်ချက် မထားဘူးလို့ RFA ကို ပြောပါတယ်။
 
" ပြည်တွင်းဖြစ် R2P နဲ့ပဲ ဆက်သွားမှာဖြစ်တဲ့အတွက် ဘယ်ပြည်ပကနေ ဘာအကူညီမှ မတောင်းခံ တော့ဘူး။ ကိုယ့်အလုပ်ကိုပဲ ဆက်လုပ်မယ်ဆိုတဲ့ အတွေးတွေ ဝင်လာပြီပေါ့ဗျာ။ အာဆီယံ ခေါင်းဆောင်တွေ လာတာ၊ မလာတာ ခေါင်းထဲ ထည့်မတွက်တော့ဘဲ ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့ပဲ ဆိုတာကတော့ ကျနော်တို့ အချင်းချင်း ပေါင်းစည်းထားကြပါတယ်။ ဒါပေမဲ့ ကူညီရင်တော့ အတိုင်းထက် အလွန်ပေါ့။ သူတို့လာလို့ မကူညီရင်လည်း ဘာမှဖြစ်မသွားဘူး။ ကူညီရင်တော့ အတိုင်းထက်အလွန် ဖြစ်သွားလိမ့်မယ်။ နိုင်ငံတိုင်းကတော့ သူတို့ရဲ့ အကျိုးစီးပွားပေါ် မှာ မူတည်ပြီးတော့ ဆောင်ရွက်တာ ပဲလေ။ ဒါ့အကြောင့် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေ မရှိတဲ့အတွက် ကျနော်တို့ ပြည်တွင်းအားကိုပဲ ကျနော်တို့ ယုံတယ်။ " 
 
ပြီးခဲ့တဲ့ ဧပြီလအတွင်း အာဆီယံသဘောတူညီချက် ငါးချက် ချမှတ်လိုက်ကတည်းက အဲဒီ သဘောတူညီချက် တွေမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတာကြောင့် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက် မပါဝင်တဲ့အပေါ် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူအများစုက ထောက်ပြဝေဖန်ခဲ့ပါတယ်။
 
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တောင် အာဆီယံသဘောတူညီချက် ငါးချက်မှာ ထည့်သွင်းခွင့်မရတဲ့အပေါ် ဝေဖန်ထားပါတယ်။
 
အာဆီယံ ဆုံးဖြတ်ချက်တွေထဲမှာ စစ်ကောင်စီဘက်ကနေ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ဆိုတဲ့အချက် သီးသန့် မပါဝင်သလို လက်တွေ့မှာလည်း စစ်တပ်ဘက်က ရပ်တန့်တာမျိုး မရှိတဲ့အတွက် အာဆီယံ ခေါင်းဆောင်တွေရဲ့ ခရီးစဥ်ဟာ ဘာမှ ထူးခြားမှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
 
“အဲအထဲမှာ ဖော်ပြထားတဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေ ရပ်တန့်ဖို့ဆိုတာကလည်း ဒီနေ့အထိ မရပ်တန့် သေးဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ဖော်ပြဖို့ ကြိုးစားတာသာဖြစ်ပြီး တကယ်လက်တွေ့ကတော့ ထိရောက်တဲ့ မြန်မာပြည် ပြဿနာဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဘာမှ ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ မယူဆတဲ့အကြောင်း ပြောချင်ပါတယ်။ ”
 
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံ ပြဿနာနဲ့ ပတ်သက်ပြီး ဒေသတွင်းသာမက၊ အင်ဒို-ပစိဖိတ် ဒေသတွင်းမှာပါ ပြဿနာ ဖြစ်လာနိုင်တာကြောင့် မြန်မာနိုင်ငံရေးကို အလေးထားကြောင်း ဖော်ပြဖို့ သက်သက်သာ ဒီသဘောတူညီချက် ငါးချက်ကို ချမှတ်ခဲ့တာလို့လည်း ဦးသန်းစိုးနိုင်က ပြောသွားပါတယ်။
 
အခုလို အာဆီယံ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်နေချိန်မှာပဲ အာဆီယံအဖွဲ့ ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Retno Marsudiက “မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ကို  ချက်ချင်းခန့်အပ်ဖို့၊ အာဆီယံအနေနဲ့ သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို ဆက်လုပ်ဖို့” ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ သတင်းစာရှင်းပွဲ လုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
 
ဒီသီတင်းပတ်အတွင်း ရောက်လာမယ့် အာဆီယံခေါင်းဆောင် နှစ်ယောက်ရဲ့ခရီးစဉ်မှာ အဖမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တွေ့၊ မတွေ့ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။