မြန်မာကို ဥက္ကဌ တာဝန်ပေးရေး အာစီယံ အပြုသဘော စဉ်းစားနေ

၂၀၁၄ ခုနှစ်မှာ မြန်မာ အာစီယံဥက္ကဌ ဖြစ်ရေး တင်ပြချက်ကို အာစီယံ အဖွဲ့ဝင်နိုင်ငံတွေက အပြုသဘော စဉ်းစားနေပါတယ်လို့ လက်ရှိ အာစီယံ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတလီဂါဝါးက ပြောကြားလိုက်ပါတယ်။

2011.07.20
asean-indonesia-2011-summit-305-z ၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာစီယံ နိုင်ငံခြားရေး ဝန်ကြီးများရဲ့ အစည်းအဝေး အပြီး မနေ့ ညနေပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက အစည်းအဝေး အတွင်း အာစီယံ ဥက္ကဌ တာဝန်ယူဖို့ မြန်မာနိုင်ငံဖက်က ဆန္ဒ ရှိကြောင်း၊ အသင့်ဖြစ်နေကြောင်း တင်ပြချက်တွေ ကြားနာခဲ့ရကြောင်း၊ ဒီကိစ္စကို မိမိတို့ အနေနဲ့ အပြု သဘော စဉ်းစားနေကြောင်း ပြောကြားပါတယ်။

မြန်မာ ဥက္ကဌ ဖြစ်ရေး ဆုံးဖြတ်ဖို့ ကိစ္စမှာ နိုင်ငံခြားရေး ဝန်ကြီး အဆင့်မှာ မပြီးပြတ်နိုင်သေးဘဲ နိုင်ငံ့ အကြီးအကဲ အဆင့်က ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း၊ လောလောဆယ် မြန်မာနိုင်ငံကို လေ့လာရေး ထွက်ဖို့လည်း မဖြစ်နိုင်သေးကြောင်း မစ္စတာ နာတာလီဂါဝါးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေး ကိစ္စတွေနဲ့ နိုင်ငံတကာမှာ နာမည်ပျက်နေတဲ့ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ အလှည့်ကျ ဥက္ကဌ တာဝန်ပေးခဲ့ရင် ၂၀၁၅ မှာ တစုတစည်းထဲ ရှိတဲ့ အာစီယံ လူမှု အသိုင်းအဝိုင်း ထူထောင်နိုင်ရေး ရည်မှန်းချက်ကို ထိခိုက် သွားနိုင်တယ်လို့ အင်ဒိုနီးရှား နိုင်ငံက စိုးရိမ်နေကြောင်း မနေ့က ဂျာကာတာပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။