ယင်းမာပင်မှာ လက်နက်ကြီးကြောင့် သက်ကြီး လေးဦးသေဆုံး၊ ဆယ်ဦးထက်မနည်းဒဏ်ရာရ
2024.03.13

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လောင်ရွာမှာ မတ်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ လေးဦးသေဆုံးပြီး နောက်ထပ် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာ အောင်ဇေယျ စစ်ကောင်စီတပ်ကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ငါးလုံး စည်လောင်ရွာမှာ ကျရောက်ခဲ့တာလို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFAကို ပြောပါတယ်။
"ရွှေတောင်ဦး စေတီကုန်းဘက်က တိုက်ပွဲဖြစ်တာမရှိဘဲ ရွာတွေဘက်ကို လျှောက်ပစ်နေတာ။ စည်လောင်မှာက ငါးနေရာလောက်မှာ ကျတယ်။ သက်ကြီးပိုင်း လေယောက်လောက် သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ဆေးကုသမှုခံယူနေရတယ်။ အခုလည်း ရွှေတောင်ဘက် လက်နက်ကြီး ထပ်မံတပ်ဆင် ပြင်ဆင်နေတယ်ဆိုတာ သတင်းကြားပြီး ဒေသခံ ထောင်နဲ့ချီလည်း ပြေးနေရတယ်”
သေဆုံးသူလေးဦးဟာ အသက် ၅၀ နဲ့ ၈၀ ကြားအရွယ် ဒေါ်ရွှေမှီး၊ ဒေါ်မြသန်း၊ ဒေါ်ဌေးမြင့်နဲ့ ဦးဖိုးရှင်း တို့ဖြစ်ပြီး နေရာမှာတင် သေဆုံးသွားတာလို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာသူတွေထဲမှာ ကလေးသူငယ်တချို့ ပါဝင်သလို ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒဏ်ရာသူတွေရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးပါဘူး။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် စည်လောင်ရွာအပါအဝင် အောင်ချမ်းအေး၊ အောင်ချမ်းသာ စတဲ့ရွာတွေက ဒေသခံ လေးထောင်ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွှန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။