တနင်္သာရီမှာ လက်နက်ကြီးကြောင့် တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

RFA Burmese
2024.06.28
တနင်္သာရီမှာ လက်နက်ကြီးကြောင့် တစ်ဦး သေ၊ လေးဦး ဒဏ်ရာရ တနင်္သာရီတိုင်း၊ ပုလောတံတား စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
The Tanintharyi Times

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလရွာထဲကို ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ မနက် ၉ နာရီလောက်မှာ ပလရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ အမျိုးသမီးတစ်ယောက် ဆုံးသွားတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ"

ဇွန်လ ၂၇ ရက်နေ့ကလည်း တနင်္သာရီနဲ့ ပုလောမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာက ဒေသခံတစ်ဦး ဒဏ်ရာရသွားတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ထဲက ရွာသုံးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။