လောင်းလုံးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2024.04.27
လောင်းလုံးမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ စစ်အာဏာသိမ်းခြင်း နှစ်နှစ်ပြည့်သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် အသံတိတ်သပိတ်ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်။
Facebook/ Launglone Township-BESU Strike Committee

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် (က) ရပ်ကွက်က ထိန်သစ်လမ်းပေါ်ကို ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်တာကြောင့် အသက် ၇၀ အရွယ် ဒေါ်ခင်အေး နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီနေ့က ခြောက်လုံးလောက် ပစ်ပါတယ်။ ထိန်သစ်လမ်းအလယ်ကို တစ်လုံးကျတာမှ အရပ်သားတွေ ထိခိုက်သေဆုံးတာ။ အိမ်တွေလည်း နည်းနည်းပါးပါး ပျက်စီးတာရှိပါတယ်။ သေဆုံးတဲ့သူကိုတော့ သင်္ဂြိုဟ်လိုက်ပြီလို့ သိထားပါတယ်"

လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ လက်နက်ကြီးနဲ့ နေ့စဉ်နီးပါး ပစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူစုစုပေါင်း ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၈၉ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။