နတ်မြောင်းရွာ လက်နက်ကြီးထိမှန်ပြီး ကလေးတစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ

မေလ ၃၁ ရက် မနေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်မြောင်းရွာကို စစ်တပ်က လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်တွေဟာ နတ်မြောင်းရွာ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့တာကြောင့် အဲဒီကျောင်းမှာ ခိုလှုံနေတဲ့ အသက် ၁၀ နှစ်အရွယ် စစ်ဘေးဒုက္ခသည် ယောက်ျားလေး တစ်ဦး၊ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး လေးဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်သားတွေက နတ်မြောင်းရွာကိုဖြတ်ပြီး အနီးရှိ နတ်ချောင်းရွာကိုအသွား PDF တပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံရတာကြောင့် နတ်မြောင်းရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဘက် ကို ရည်ရွယ်ချက်ရှိရှိ နောက်ပြန်လှည့်ပြီး ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ နတ်မြောင်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြောက်ပိုင်းကနေ စစ်ကြောင်းထိုးလာတာပေါ့။ နတ်မြောင်းရွာ အရှေ့ဘက် သင်္ချိုင်း ကုန်းကနေ ဝင်လာပြီး သူတို့ နတ်မြောင်းရွာကို ဖြတ်တယ်။ နတ်မြောင်းရွာ ဘုန်းကြီး ကျောင်းမှာ စစ်ဘေးရှောင်စခန်း ဖွင့်ထားတယ်။ ဘုန်းကြီးကျောင်းနဲ့ ရွာရဲ့ကြားမှာ လယ်ပြင်ကွင်းရှိတယ်။ အဲဒီလယ်ကွင်းကို ဖြတ်ပြီးတော့မှ နတ်ချောင်း အောင်ဆုပန် ဘုန်းကြီးကျောင်းနဲ့ နတ်ချောင်းစာသင်ကျောင်းကြားကို စစ်သားတွေက ဝင်သွားတယ်။ ဝင်သွားတဲ့အချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တဲ့အခါမှာ အဲဘက်ကို မပစ်ဘဲနဲ့ နတ်မြောင်း စစ်ဘေးရှောင်စခန်း ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ နောက်ပြန်ပြီး လက်နက်ကြီးနဲ့ ထုပါတယ်ဗျ"
၁၀ နှစ်အရွယ်ကလေးဟာ ညာဘက်ပခုံးကို လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် ကလေးမြို့ ခုတင် ၁၀၀ စစ်ဆေးရုံကို ချက်ချင်းပို့ဆောင်ထားပြီး အခြေအနေစိုးရိမ် ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ကျန် လူကြီး ခြောက်ယောက်က ဒဏ်ရာသိပ်မပြင်းထန်တာကြောင့် အခုလက်နက်ကြီး ထိမှန်တဲ့ နတ်မြောင်းရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ ယာယီစစ်ဘေးဒုက္ခသည် စခန်းမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်မြောင်းရွာကို မနေ့က လေးကြိမ်တိတိ လက်နက်ကြီးနဲ့ပစ် ခတ်ခဲ့ပြီး လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း ခြံစည်းရိုးနဲ့ ရေကန်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ နတ်မြောင်းရွာသားတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ် ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား နတ်မြောင်းရွာအနီးက နတ်ချောင်းရွာမှာ ဒီနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်မှာ နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာ အပါအဝင် ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အစောဆုံး လက်နက်ကိုင်ခုခံခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။
ဒါကြောင့် အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း စစ်တပ်ရဲ့ သံသယနဲ့ ဖမ်းဆီး သတ်ဖြတ်မှု၊ သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းမှုတွေကြောင့် ကလေးမြို့နယ် တစ်ခုလုံးမှာ လူ ၁၅၀ သေဆုံးပြီး ၅၀၀ နီးပါး အဖမ်းခံထားရတယ်လို့ ကလေးမြို့နယ် သပိတ်အဖွဲ့က ပြောပါတယ်။