စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၆ဝ နီးပါး ဖားဆောင်းမှာ ဖမ်းဆီးခံရ
2024.04.12

ကရင်နီပြည်(ကယားပြည်နယ်) ဖားဆောင်းမြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအဆင့် အပါအဝင် ၅၆ ဦးကို ဖမ်းမိထားတယ်လို့ ကရင်နီပြည်တပ်မတော် (KA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဧပြီ ၁၁ ရက်နေ့ တိုက်ပွဲမှာ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တာလို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
"တိုက်ပွဲထဲမှာ အရှင်ဖမ်းမိတာက ၅၆ ဦးပါ၊ အဲထဲမှာ တပ်ရင်းမှူးပါတယ်၊ ဒုရင်းမှူးပါတယ်၊ တပ်ခွဲမှူးတွေ၊ ဗိုလ်ကြီးတွေပါပါတယ်၊ သေတာက ၅၃ ဦး၊ အားလုံး ၁၀၉ ဦးရှိပါတယ်၊ အဲဒါ အတည်ပြုလို့ရပါတယ်၊ ဧပြီလ ၁၁ ရက်နေ့ မနက် ၇ နာရီကနေ ညနေ ၅ နာရီထိ တိုက်ပွဲဖြစ်တာ၊ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ ဝိုင်းပတ်ပြီး တိုက်ခိုက်တာ အဲမှာ သေတဲ့သူသေ အရှင်ဖမ်းမိတဲ့လူ ဖမ်းမိတာ"
ဧပြီလ ၁၁ ရက်နေ့မှာ ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ စကခ (၂) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၅၁၅)၊ (၅၁၆) နဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခလရ (၁)၊ လွိုင်ကော် ဒကစ လက်အောက်ခံ တပ်ရင်း (၁၃၅) တို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၁၀၉ ဦးပါတဲ့ စစ်ကြောင်းနဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကြား ပါပုကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဧပြီ ၁၂ ရက်နေ့မှာ ဖုန်းနဲ့ဆက်သွယ်တဲ့အခါ RFA သတင်းထောက်လို့ ပြောတာနဲ့ ဘာမှပြန်မဖြေဘဲ ဖုန်းချသွားပါတယ်။
ဖားဆောင်းမြို့မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၁၃၄) နဲ့ (၁၃၅) တပ်ရင်းနှစ်ခုရှိပြီး အဲဒီတပ်ရင်းတွေမှာ ဒဏ်ရာရသူတွေများတာကြောင့် ကယ်ထုတ်ဖို့ ကြိုးစားတဲ့ စစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုတွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။ လက်ရှိဖားဆောင်းမြို့ တစ်မြို့လုံးနီးပါးကို ကရင်နီတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတယ်လို့လည်း ပြောပါတယ်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ နှစ်လနီးပါးရှိပါပြီ။ စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေအိမ်တွေ မီးလောင်တာ၊ အရပ်သားထိခိုက်၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ မတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ ဖားဆောင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်း ကိုးခုရှိတယ်လို့ ဖော်ပြထားပါတယ်။ ဖားဆောင်းမြို့ပေါ်မှာ လူဦးရေ ငါးထောင်ဝန်းကျင် နေထိုင်ပြီး တိုက်ပွဲကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။