ကမာရွတ်မြို့နယ်က လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပါဝင်သံပုံးတီးသူသုံးဦး အဖမ်းခံရ

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဇူလိုင်လ ၃၁ ရက် ဒီနေ့မနက်ပိုင်း ပြည်သူသုံးဦးကို သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ကမာရွတ်ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲမှာ ပါဝင်ပြီး သံပုံးတီးခဲ့တဲ့ ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေ (၅၀) လမ်းက ပြည်သူ သုံးဦးကို မနက် ၁၁ နာရီဝန်းကျင်မှာ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖြစ်စဉ်က အမျိုးသားတစ်ယောက်က သံပုံးတီးတာမှာ မူးနေလို့ပါ။ သူ့ကိုတွေ့တော့ လက်ထိပ်ခတ်ပြီး ဖမ်းသွားတာပါ။ နောက်နှစ်ယောက်က ငါးရောင်းတဲ့ ဈေးသည် လင်မယားပါ ခင်ဗျ"
အဲဒီအထဲက အသက် ၄၀ အရွယ် အမျိုးသားကတော့ အိမ်ရှေ့ဝရန်တာမှာ သံပုံးတီးနေချိန် စစ်ကောင်စီ တပ်သားတွေနဲ့ တိုးပြီး အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
မနက်ပိုင်းက လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ လှုပ်ရှားမှုပြုလုပ်ကြချိန် စစ်ကောင်စီတပ်သားတွေ ဟာ စစ်ကားအကြီး တစ်စီး၊ Double Cab ကား တစ်စီး၊ ရဲကားတစ်စီးနဲ့ လမ်းထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာလည်း မနေ့ညနေကစပြီး လူထုသစ္စာအဓိဋ္ဌာန် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ စာတွေ ရေးသားဖြန့်ဝေသူတွေကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသားထားကြပါတယ်။