သပိတ်အင်အားစုဝင်တွေ အဖမ်းခံထားရ၊ ဆယ်ရက်ရှိပေမယ့် အဆက်အသွယ်မရ

မန္တလေးမြို့က ဆန္ဒပြသပိတ်မှောက် တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ သံဃာတော် တစ်ပါးနဲ့ လူလေး ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီးတဲ့နောက် ဒီနေ့အထိ အဆက်သွယ်မရသေးဘူးလို့ မန္တလေးသပိတ် အင်အားစုအဖွဲ့က ပြောပါတယ်။
သပိတ်အင်အားစုအဖွဲ့ထဲက ကိုသူရအောင် နဲ့ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်း၊ အလွတ် သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုစိုးလင်းအောင် နဲ့ ကိုလှမျိုးအောင် တို့ကို မဟာအောင်မြေမြို့နယ်က အိမ်တစ်လုံးမှာ အဖမ်းခံခဲ့ရပြီး သံဃာတော်တစ်ပါးကိုတော့ သင်္ဂဇာဘုန်းကြီးကျောင်းထဲမှာ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။
သူတို့အဖမ်းခံရစဉ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်တာ ခံလိုက်ကြရပြီး ခုချိန်ထိ ဆက်သွယ်လို့လည်း မရသေးတာမို့ စိတ်ပူနေကြတယ်လို့ မန္တလေးသပိတ် အင်အားစု အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းခံလိုက်ရသူတွေကို အခုချိန်ထိ ဘယ်နေရာမှာထားသလဲဆိုတာ မိသားစုဝင်တွေ ကလည်း စုံစမ်းလို့ မရသလို၊ ရဲဘော်တွေကလည်း လိုက်စုံစမ်းနေတာမရဘူး၊ သူတို့ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိတ်ပူနေတယ်"
အခုအဖမ်းခံလိုက်ရတဲ့ သူတွေဟာ ကျန်းမာရေး ကောင်းမွန်သူတွေဖြစ်လို့ ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ခဲ့ရင် စစ်ကောင်စီရဲ့ တာဝန်ပဲလို့လည်း ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ ရပ်ကွက်တွေ ထဲက လမ်းတွေပိတ်ထားပြီး အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးနေတာ အခု ဖေဖော်ဝါရီ လပိုင်းအတွင်း သုံးကြိမ်ထက် မနည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မဟာအောင်မြေမြို့နယ် မန်းမြို့ဈေးအနီးက ရွှေဆိုင်အလုပ်သမား မနေခြည်ရွှန်းလဲ့ထွန်း ဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဖမ်းခံလိုက်ရပြီးကတည်းက အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကောင်စီ ရဲ့ အဖမ်းခံထားရသူ ၉၂၁၅ ယောက်ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။