စီမံကိန်းနယ်မြေမှာ စိုက်ပျိုးသူ တောင်သူ နှစ်ဦး အဖမ်းခံရ
2015.06.01

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်နေတဲ့ မြို့သာစက်မှုဥယျာဉ် စီမံကိန်းနယ်မြေအတွင်း ဒီနေ့ ဝင်ရောက်စိုက်ပျိုးတဲ့ တောင်သူတွေထဲက အမျိုးသမီး နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒီနေ့မနက်က ဖမ်းဆီးတာခံခဲ့ရပြီး ခံဝန်လက်မှတ်ထိုးပေးခဲ့ရတယ်လို့ ထိန်းသိမ်းခံခဲ့ရတဲ့ သံဘိုကျေးရွာက တောင်သူ မရီလွင်က ပြောပါတယ်။
"အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော စားကျက်မြေပေါ်တွင် လာရောက်ထွန်ယက်သဖြင့် ထွန်ယက်ခြင်းမပြုလုပ်ရန် တာဝန်ရှိသူများက တားမြစ်သော်လည်း လိုက်နာမှုမရှိသည့်အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် ပါသည်၊ နောက်စက်မှုဇုန်ဧရိယာအတွင်း ဆက်လက်ထွန်ယက်ခြင်း ထပ်မံပြုလုပ်ပါက ဥပဒေနဲ့အညီ အရေးယူခံရမည်ကို သိရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပါသည်၊ လက်မှတ်မထိုးရင် အချုပ်ထဲသွင်းမှာစိုးလို့ ထိုးခဲ့ရပါတယ်"
မြို့သာစက်မှုဥယျာဉ် စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး လယ်ယာမြေဧက တစ်သောင်းကျော်မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
စီမံကိန်းဧရိယာမှာပါတဲ့ လယ်ယာမြေတွေအတွက် တစ်ဧကကို ငွေကျပ် ၅ သိန်းနှုန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လျော်ကြေးပေးခဲ့ရာ ဧက တစ်ထောင်ကျော်မှာ လုပ်ကိုင်နေတဲ့ တောင်သူတွေက လျော်ကြေး ထုတ်ယူထားခြင်းမရှိဘူးလို့ သိရပါတယ်။
လျော်ကြေးမယူထားတဲ့ လယ်သမားတွေက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ပြီးခဲ့တဲ့ မေလ ဆန်းလောက်စပြီး နေ့စဉ် ဝင်ရောက်ထွန်ယက်ရာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။
အဲ့ဒီလိုဝင်ရောက်ထွန်ယက်မှုကြောင့် ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူနဲ့ လယ်သမားအရေးကူညီသူ စုစုပေါင်း ၁၅ ဦးလောက်ရှိတယ်လို့ သိရပါတယ်။