ငြိမ်းချမ်းရေး သရုပ်ဖော်ဖျော်ဖြေမှု တပ်မတော် ကန့်ကွက်ရှုတ်ချ


2018.01.28
21panglong-welcome-ygn-622 ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကြိုဆိုထောက်ခံပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောကွင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ကပြုလုပ်ခဲ့စဉ်
Photo: Thant Zin Oo/RFA

ဇန်နဝါရီလ ၂၇ ရက်နေ့က သင်္ဃန်းကျွန်း သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစခန်းခွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးစီးကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးသရုပ်ဖေါ် ဖျော်ဖြေပွဲအတွင်း ဟောပြောတင်ဆက်ပုံ တချို့ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်ကျဆင်းစေတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ် ချကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ စောဖိုးခွား တို့ ဦးစီးကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးသရုပ်ဖေါ်ဖျော်ဖြေပွဲ အစီအစဉ်တချို့မှာ တပ်မတော်အဖြစ် သရုပ်ဆောင်ထားတဲ့ ယူနီဖေါင်းဝတ်ဆင်ရာမှာ ခွင့်ပြုချက်မရယူခဲ့တဲ့အပြင်၊  သတ်မှတ်ထားတဲ့ စစ်ဝတ်တန်ဆာ စည်းမျဉ်းနဲ့ မကိုက်ညီ တာ၊ ကိုင်ဆောင်တဲ့ လက်နက်တွေ မှားယွင်းနေတာတွေကြောင့် ပြည်တွင်း ပြည်ပ မျက်နှာစာမှာ တပ်မတော်ရဲ့ပုံရိပ် ထိခိုက်ရကြောင်း၊ ဦးမင်းကိုနိုင်ရဲ့ ဟောပြောချက်မှာ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှာ ကလေးစစ်သားတွေ တွေ့မြင်နေရကြောင်း ပြောကြားချက်မှာ တပ်မတော်ပါ ပါဝင်တဲ့ သဘော သက်ရောက်နေကြောင်း၊ ကလေးစစ်သားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့အတူ တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေ ကို မသိရှိရာ၊ လျစ်လျူရှုရာရောက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့ပြင် စစ်စိမ်းရောင် ယူနီဖေါင်းဝတ်တွေက ကလေးတွေကို သေနတ်နဲ့ ချိန်ရွယ်ထားတဲ့ ပြကွက်၊ ပြည်သူတွေအဖြစ် သရုပ်ဆောင်သူတွေ အထိတ်တလန့် ထွက်ပြေးနေတဲ့ ပြကွက်တွေဟာလည်း တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေနိုင်သလို၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အကောင်အထည်ဖေါ်ရေးကို ထိခိုက်စေကြောင်း၊ ဒီဖျော်ဖြေပွဲရဲ့ ရည်ရွယ်ချက်ဟာ အပြု သဘောဆောင်ပေမယ့်၊ သရုပ်ဖေါ်ပြသချက်တချို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်နစ်နာစေတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။