၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲ ကျင်းပ
2018.01.27

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး ငြိမ်းချမ်းရေး အမြန်ရရှိအောင် ကြိုးစားပေးကြဖို့ ပြည်သူတွေကိုယ်စား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံကြိုဆိုထောက်ခံပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့အားလုံး ယုံကြည်လွှင့်ထူထားတဲ့ အမျိုးသားအလံတော်ကို မော့ကြည့်ရင်း ကျနော်တို့ ကမ္ကာမကျေကို အောင်ပွဲနဲ့အတူ ခေါင်းတွေမော့ပြီးတော့ တစ်ခါလောက်ဆိုနိုင်ဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးကို အပြည့်အဝ ကြိုးစားပေးကြပါလို့ တကယ့်စားပွဲဝိုင်းမှာထိုင် ပြဿနာကို အဖြေရှာနေကြတဲ့ ကာယကံရှင်အားလုံးကို ပြည်သူကိုယ်စား မေတ္တာရပ်ခံတိုက်တွန်းရင်းနဲ့ အဆုံးသတ်ပါတယ်၊ ကျေးဇူး တင်ပါတယ်"
၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ် လွှာပေးပို့ခဲ့ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဝဏ်လွှာမှာ ကြိုဆိုထောက်ခံပွဲ ကျင်းပတာကို ဝမ်းသာကြောင်း ၊ ထောက်ခံပွဲ တက်ရောက်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အစိုးရက ကြိုးစားနေသလို အားလုံးကလည်း ပါဝင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ထောက်ခံကြိုဆိုပွဲကို ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အနုပညာရှင်တွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
သီးလေးသီးအဖွဲ့က ငြိမ်းချမ်းရေးရဖို့ ချစ်ကြပါဆိုတဲ့ ပြဇာတ်နဲ့ဖျော်ဖြေခဲ့ပြီး အနုပညာရှင်များရဲ့ စစ်ပွဲများရပ်ဖို့ သရုပ်ဖော်မှုတွေနဲ့အတူ ပန်းရဲ့လမ်းအဖွဲ့နဲ့ အဆိုတော်တွေကလည်း ငြိမ်းချမ်းရေးအတွက် သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင်တွေပါဝင်တဲ့ ချစ်ကြပါ ဘောလုံးအသင်းနဲ့ လက်ရွေးစင်ဟောင်း ဘောလုံးသမားတွေနဲ့ အလွှာပေါင်းစုံကသူတွေပါဝင်တဲ့ အမုန်းများရပ် ဘောလုံးအသင်းတို့ကလည်း ချစ်ကြည်ရေး ဘောလုံးကစားခဲ့ကြ ပါတယ်။