တပ်မတော် သတင်းရယူမှု လွယ်ကူရေး ဆွေးနွေး
2014.12.20

တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းရယူမှု လွယ်ကူ အဆင်ပြေစေရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ၈ ဦးနဲ့ သတင်းမီဒီယာ သမားတွေ ပထမအကြိမ် ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့ နယ်က မြဝတီစာပေတိုက်မှာ ဒီနေ့ ကျင်းပခဲ့တာပါ။
တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ဒီနေ့ဟာ ပထမအကြိမ်တွေ့ဆုံပွဲသာဖြစ်ပြီး လာမယ့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ထပ်မံတွေ့ဆုံ သွားမယ်လို့ ပြောပါတယ်။
"ပထမဆုံးမီဒီယာဘက်က သတင်းရယူရာမှာ လိုအပ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြပါတယ်၊ အဲ့ဒါတစ်ပိုင်းပြီးတဲ့အခါမှာ တပ်မတော်ကနေပြီးတော့မှ မီဒီယာတွေကိုသူတို့ဘက်က သတင်းပေးဖို့နဲ့ ပတ်သက်ပြီးတော့ သူတို့မှာ ရှိနေတဲ့ ကန့်သတ်တဲ့အချက်တွေနဲ့ သတင်းထုတ်ပြန်ပေးလို့ရတဲ့ အတိုင်းအတာတွေနဲ့ သတင်းစီးဆင်းမှု သွားနိုင်တဲ့လမ်းကြောင်းတွေနဲ့ ချပြပါတယ်၊ ဒီနေ့ဟာ မီဒီယာဘက်က သတင်းရယူဖို့အတွက် တပ်မတော်ကလည်း သူတို့ရဲ့အခြေအနေကို ရှင်းပြတယ်ဆိုတဲ့ အဆင့်ပေါ့လေ၊ ပထမအဆင့် ဒီကိစ္စတွေက ပြီးဆုံးသွားပါတယ်"
အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သတင်းမီဒီယာသမားတွေက တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတွေ ရယူရာမှာ ဘယ်အချက်တွေက ဥပဒေချိုးဖောက်နိုင်သလဲဆိုပြီး မေးမြန်းခဲ့ရာမှာ တပ်မတော်ဘက်က တက်ရောက် လာတဲ့ ဥပဒေရေးရာ အရာရှိတွေက နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံတဲ့အခါ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်ကြိမ်တွေ့ဆုံပွဲမှာ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး သတင်းရယူရေး လွယ်ကူစေဖို့အတွက် လည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှု၊ ပွင့်လင်းမြင်သာမှု အခြေအနေတွေနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။