ပြောင်းရွှေ့ဖို့ တပ်ကအကြောင်းကြားထားတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆို


2018.11.23
army-land-press-622.jpg သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စုမှာရှိတဲ့ ဂျိုင်သာ-ပုန်းညှက်ကျေးရွာကို အပြီးသတ်ပြောင်းရွှေ့ဖယ်ရှားဖို့ တပ်မတော်က အကြောင်းကြားလာတဲ့ကိစ္စ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: U Soe Tint

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စုမှာရှိတဲ့ ဂျိုင်သာ-ပုန်းညှက်ကျေးရွာကို အခုနိုဝင်ဘာလ ၃၀ ရက်နေ့မှာ အပြီးသတ်ပြောင်းရွှေ့ဖယ်ရှားဖို့ တပ်မတော်က အကြောင်းကြားလာတဲ့ကိစ္စကို အစိုးရက ပြေလည်အောင်ဖြေရှင်းပေးဖို့ ရွာသားတွေက အဲဒီရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ကျေးရွာတစ်ခုလုံးကိုဖယ်ရှားဖို့ ရေတပ်ပင်မရေငုပ်နဲ့ဆယ်ယူရေးတပ်က နိုဝင်ဘာလ ၈ ရက်နေ့က စာနဲ့အကြောင်း ကြားလာတာဖြစ်တယ်လို့ ဂျိုင်သာ-ပုန်းညှက်ကျေးရွာ ဦးစိုးတင့်က RFA ကို ဒီနေ့ ပြောပါတယ်။

ဂျိုင်သာ-ပုန်းညှက်ကျေးရွာမှာ နေအိမ် ၇၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက တောရိုင်းမြေတွေကို ဓားမဦးချ လာရောက်လုပ်ကိုင်လာခဲ့ရာကနေ ကျေးရွာအဖြစ် ပေါ်ပေါက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ကျေးရွာဖြစ်ပေါ်လာတဲ့နောက်ပိုင်း ၁၉၉၄ ခုနှစ်မှာ တပ်မတော်က အဲဒီမြေတွေကိုသိမ်းယူခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက တပ်မတော်(ရေ)ပိုင်အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

တပ်ပိုင်မြေဧက ၆၀ ကျော်ထဲမှာပါဝင်နေတဲ့ အဲဒီကျေးရွာနေအိမ်တွေကို အခုလ ၃၀ ရက်နေ့အထိ ဖယ်ရှားမပေးဘူး ဆိုရင် တရားစွဲဆိုအရေးယူသွားမယ်လို့ တပ်မတော်ရဲ့ အကြောင်းကြားစာထဲမှာ ပါရှိတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ အပါအဝင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုထံကို ပြီးခဲ့တဲ့အပတ်က ကျေးရွာသားတွေက စာပေးပို့အကူအညီတောင်းခံခဲ့ပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းမထူးဘူးလို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က သဘောထားကို မသိရသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။