အစိုးရစစ်တပ်နဲ့ကေအိုင်အိုနှစ်ဖက် တိုက်ပွဲ ပြင်းထန်

ကေအိုင်အိုရဲ့ အဓိကစခန်းဖြစ်တဲ့ လဂျားယန်စခန်းကို အစိုးရတပ်က မနေ့က ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်ပိုင်းကစပြီး ခြေလျင်တပ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

2012.12.29
KIA_kachin_laiza_305_z.jpg ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ
Photo: Kachin News Group

ဒီနေ့မနက် ၇ နာရီလောက်ကနေ စတင်ပြီးတော့ ကေအိုင်အိုဌာနချုပ်နဲ့ ၇ မိုင်လောက်ဝေးတဲ့ လန်ဂျားယန်စခန်းကို ဒေါ့ဖုန်းယန် အခြေစိုက် အစိုးရအမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မြေပြင်တပ်တွေကလဲ အများအပြား ထိုးစစ်ဆင်လာတဲ့အတွက်  တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ အဲဒီ စစ်မြေပြင်မှာ ရောက်နေတဲ့ ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကိုလဆိုင်းက ပြောပါတယ်။

ဒီမနက် ၇ နာရီခွဲ ၈ နာရီလောက်ကနေ စတင်ပြီးတော့ သူတို့ခြေလျင်တပ်တွေထိုးတယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ် ထိုးတယ်၊ သူတို့ထိုးလို့မရတဲ့အခါကျတော့ ၁၂နာရီမိနစ် ၂၀ ဝန်းကျင်မှာ သူတို့တိုက်လေယာဉ်ပြန်လာတယ်၊ ပစ်ကူပေးတယ် အခုတော့ သူတို့လေယာဉ်ပြန်ဆုတ်သွားပြီ လက်နက်ကြီးလှမ်းထုပြီးမှ သူတို့ပြန်ပြီးမှ ထိုးဖို့လိုက်နေကြတယ်၊ အခုတက်လာတဲ့တပ်ကတော့ စကခ ၃ လက်အောက်ခံ ၃၈၁ တစ်ခုတော့ သိလိုက်ရတယ် နောက်ထပ်တော့ မသိရသေးဘူး တခြားတပ်တွေလဲ ပါပါအုံးမယ် ခလရ ၄၀၊ ၃၈၁ ၊ ၃၈၉ တို့ဖြစ်ဖို့များတယ်”

တိုက်ပွဲကြောင့် နှစ်ဖက်ကျဆုံးတဲ့ အခြေအနေကိုတော့ အခုအချိန်အထိ မသိရသေးတဲ့အပြင် အစိုးရတပ်က ဗန်းမော်၊ ဝိုင်းမော်နဲ့ ရှတန်ပါ ဆိုတဲ့ နေရာတွေကနေ စစ်ကြောင်း ၃ကြောင်းနဲ့ အင်အားထောင်နဲ့ချီပြီးတော့ ကေအိုင်အို စခန်းတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကိုလဆိုင်းက ဆက်ပြောပြပါတယ်။

“နမ့်ဆန်ယန်ဘက်ရယ်၊ ဒေါ့ဖုန်းယန်ဘက်မှာရယ် အခု လက်ဂျားယန်ရယ် ဗဟိုနယ်မြေပေါ့ ၃နေရာကို တခါတည်းသူက ထိုးစစ်ဆင်တဲ့အနေအထားရှိတယ်။ အသံတွေကြားနေရတာပေါ့ လက်ဂျားယန်ဘက်ထိုးလာတာကတော့ ကျနော်တို့ ခန့်မှန်းအရဆိုရင် အင်အား ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ရှိမယ်ထင်တာပဲ၊ သူတို့ကလဲ မရရအောင်ထိုးစစ်ဆင်နေမဲ့ အနေအထားဖြစ်နေတဲ့ပုံပါပဲ”

လန်ဂျားယန်စခန်းကို အခုဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက အစိုးရတပ်က အင်အား ၃၀၀ လောက်နဲ့ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီကာလက အကျအဆုံးများများနဲ့ ဆုတ်ခွါသွားခဲ့ပြီး အခုတစ်ကြိမ်တော့ တပ်အင်အားတွေ ပိုများလာသလို လေကြောင်းပစ်ကူတွေပါ အသုံးပြုပြီးတော့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

လဂျားယန်တပ်စခန်းကျသွားရင်တော့ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာရဲ့ လုံခြုံရေးအခြေအနေက စိတ်မချရတော့ဘူးလို့သိရပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကျဖို့ဆိုတာအတော်နဲ့ မလွယ်သလို အစိုးရတပ်က အရင်းအနှီးများများပေးရမယ်လို့ နယ်စပ်စစ်ရေးလေ့လာသူတွေက ဆိုကြပါတယ်။

တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေချိန်မှာ ကချင်ဒုကသည်တွေရဲ့အခြေအနေကို ဦးတင်အောင်ခိုင် က ကချင်ဒုက္ခသည်များစောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဦးတွဲတီးဇါနဲ့ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။