လှည်းကူးမြို့နယ်၊ ကျွဲတည်းကျေးရွာကို ပြောင်းရွှေ့ဖို့ စစ်တပ်အမိန့်ထုတ်
2013.07.22
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ ကျွဲတည်းကျေးရွာကို မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ စစ်တပ်က အမိန့်စာတွေ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလို အမိန့်ထုတ်ပြန်ခဲ့ပေမဲ့ ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြောင်း ရွာသားတစ်ဦးဖြစ်တဲ့ ကိုထွန်းမင်းက RFA ကို အခုလိုပြောပါတယ်။
"၆ လပိုင်း၂၂ ရက်နေ့မှလာပြီးတော့ မှတ်တိုင်လာစိုက်တယ်လေ၊ တပ်ပိုင်မြေ မကျူးကျော်ရဆိုပြီး၊ ဒီလ ၂၁ ရက်နေ့ အပြီးပြောင်းရမယ်လို့ပြောတယ်လေ၊ အဲတော့ NLD အဖွဲ့တွေရောက်လာပြီး အမှားအမှန်ကို လာဝေဖန်သုံးသပ်ပေးတယ်လေ၊ အခုတော့ စစ်တပ်ဘက်က ဘာမှတုန့်ပြန်မှုတော့ မရှိပါဘူးခင်ဗျ၊ ငြိမ်နေတယ်"
လှည်းကူးမြို့နယ်အခြေစိုက် အမှတ် (၂) တပ်မတော်အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း၊ ခြေလျှင်အကူပစ် လက်နက်ကြီးသင်တန်းကျောင်း၊ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ သင်တန်းကျောင်းစတဲ့ တပ် (၃) တပ်က အဲဒီကျွဲတည်းရွာဟာ တပ်ပိုင်မြေတွေထဲမှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး ပြောင်းရွှေ့ခိုင်းနေတာ ဖြစ်ပါတယ်။
ဒီကိစ္စအတွက် စာဘူးတောင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သက်ဆိုင်ရာ အဆင့်ဆင့်ထံ တင်ပြအကူအညီတောင်းခံသွားမယ်လို့ ပြောပါတယ်။