အစိုးရနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


2015.06.16
army-620.jpg ကချင်ပြည်နယ်မှာ လှုပ်ရှားနေသော အစိုးရတပ်သားတချို့ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်တွေအကြား ဖားကန့်ဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အစိုးရတပ်မတော်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ (၇) လက်အောက်ခံတပ်တွေဟာ  ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာလောက်မှာ ဇွန် ၁၅ ရက်မနေ့ကစပြီး ဒီနေ့အထိတိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။

"မနေ့ကတော့ ၆ နာရီလောက်အထိပါပဲ၊ ၃ ကြိမ်လောက်ဖြစ်တယ်၊ ဒီမနက်ကျတော့လည်း ၅ နာရီ ၂ဝ ကနေစဖြစ်တာ ခုထိပဲ၊ နာရီဝက်လောက်နားလိုက် ပြန်ဖြစ်လိုက်ဖြစ်နေတာ အခုက ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ ပါ"

လုံးခင်းကျေးရွာနဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ နမ်ကျန်ခူးချောင်းဖျားနားက အောင်လဲန့်၊ နမ့်စန်းသုံး ကျေးရွာတွေတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတာပါ။

ဖားကန့်အခြေစိုက် အစိုးရတပ်မတော်ဗျူဟာရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ လုံခြုံရေးအခြေအနေ အရ လောလောဆယ် အတည်ပြုချက်မပေးနိုင်သေးကြောင်း တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ကံဆီးနဲ့ အောင်ဘာလေ ကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ကံဆီးကျေးရွာတွေက ကယ်ဆယ်ရေးစခန်းတွေမှာ ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အခုချိန်ထိ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အိုတပ်တွေ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA နဲ့ မုံးကိုးဒေသခံတွေက ပြောပါတယ်။အစိုးရတပ်မတော် အရှေ့မြောက်ပိုင်း လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံတပ်တွေအကြား မုံးကိုးမြို့နယ် ဖေါင်းဆိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း ကေအိုင်အေ တပ်မဟာ ၄ က ဗိုလ်မှုးတစ်ယောက်က RFA ကို အတည်ပြု ပြောပါတယ်။

“ကျနော်တို့အနေနဲ့ဆိုရင် မုံးကိုးခရိုင်လို့ ခေါ်မှာပေါ့၊ တပ်ရင်း ၃၈ ပေါ့၊ မနေ့ကလည်းဖြစ်၊ ည ၈ နာရီခွဲ ၉ နာရီလောက်ကနေဖြစ်တာ၊ ဒီနေ့လည်း ထပ်ဖြစ်တာပေါ့၊ ဒီမနက် ၈ နာရီလောက်မှာ ဖောင်းဆိုင်ဘက် ရွာထဲမှာ လက်နက်ကြီးတွေပစ်နေတယ်၊ မုံးကိုးကနေ တက်လာတဲ့အဖွဲ့နဲ့ ကျနော်တို့ရှိတဲ့အဖွဲ့ပေါ့၊ မန်စပ်ဆိုတဲ့ အပေါ်အထက်မှာဖြစ်တာ”

တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုကိုတော့ အခုအချိန်အထိ မသိရသေးဘူးလို့လည်းသူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။