စစ်တပ်သိမ်းထားတဲ့လယ်မြေ ရခိုင်ပြည်နယ်မှာ ဧက ၃ဝ,ဝဝဝ ရှိ
2015.07.05

ရခိုင်ပြည်နယ်က မြို့နယ် ၁၁ ခုမှာ စစ်တပ်ကသိမ်းယူထားတဲ့ လယ်ယာမြေဧကပေါင်း ၃ သောင်းလောက် ရှိတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေး ရာ ကော်မတီအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လယ်မြေသိမ်းခံရတာတွေ ရှိနေတာနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်တွေကို အဖွဲ့ရဲ့ တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုမျိုးသန့်က ပြောပါတယ်။
"ရခိုင်ပြည်နယ်ဟာ တခြားပြည်နယ်နဲ့ တိုင်းတွေနဲ့မတူပဲနဲ့ အခုအချိန်အထိ မတိုင်မကြားရသေးတဲ့ အမှုအခင်းတွေ အရမ်းများပါတယ်၊ ရခိုင်ပြည်နယ်မှာ အများစုကစစ်တပ်သိမ်းဧကတွေ အရမ်းများပါတယ်၊ တစ်မြို့နယ်တစ်မြို့နယ် ထဲမှာ စစ်တပ်ကအနည်းဆုံး ၃ ခုလောက် သိမ်းထားတာမျိုးတွေ့ရတယ်၊ ဌာနဆိုင်ရာက တချို့ကပေါ့နော် မလိုအပ်ဘဲ သိမ်းထားတာတွေလည်း အနည်းအကျဉ်းရှိတယ်၊ အများစုကတော့ စစ်တပ်သိမ်းကိစ္စပဲ၊ စစ်တပ်သိမ်းကိစ္စကလည်း ရခိုင်ပြည်နယ်ကမြို့တိုင်း ကျနော်တို့ ရောက်တဲ့မြို့တိုင်းမှာ စစ်တပ်မသိမ်းတဲ့မြေ တစ်ခါမှမတွေ့ရသေးဘူးဗျ"
ရခိုင်ပြည်နယ်က ဂွ၊ တောင်ကုတ်၊ သံတွဲ၊ စစ်တွေ၊ မြောက်ဦး၊ မဒေးကျွန်း စတဲ့မြို့နယ်တွေအပါအဝင် မြို့နယ် ၁၁ ခုမှာ ဖြစ်နေတဲ့ လယ်ယာမြေပြဿနာတွေကို မှတ်တမ်းကောက်ယူနေတာ ဇွန်လပိုင်းက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ လယ်ဧကပေါင်း သုံးသောင်းကျော်လောက်ဟာ စစ်တပ်၊ ပြည်ထဲရေးဌာနတို့ကနေ သိမ်းဆည်း ခံထားရပြီး အများစုဟာ သံတွဲ၊ ဂွ ၊ ကျောက်တော်နဲ့ မြောက်ဦးမြို့တွေမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဧက တစ်သောင်း နီးပါးလောက်ကို မူလပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ်က ရရှိလာတဲ့အချက်လက်တွေအပြင် အခြားပြည်နယ်တွေမှာပါ ရယူခဲ့တဲ့လယ်ယာမြေပြဿနာ မှတ်တမ်းတွေကို လာမယ့်သြဂုတ်လမှာ ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနတွေ၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုမျိုးသန့်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။