ထိပ်တိုက်ထိတွေ့မှုတွေ ရှောင်ရှားဖို့ တပ်နဲ့ ကေအဲန်ယူဆွေးနွေး

မိုးမြင့်
2020.02.20

ဒေသခံပြည်သူတွေ စိုးရိမ်မှုမရှိအောင် ထိပ်တိုက်ရင်ဆိုင် ထိတွေ့မှုတွေကို ရှောင်ရှားကြမယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူနဲ့ တပ်မတော်တို့ မနေ့က နေပြည်တော်မှာ နှစ်ဖက် ညှိနှိုင်းခဲ့ကြတာပါ။

တပ်မတော်က နှစ်ဖက်သဘောတူထားတဲ့အချက်တွေကို ချိုးဖောက်ပြီး သွားလာနေလို့ နှစ်ဖက်စစ်ရေး တင်းမာနေတာလို့ KNU တပ်မဟာ ၅ ဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး အယ်ဒို က ပြောပါတယ်။

“ထပ်ဖြစ်စရာမရှိတော့ပါဘူး။ သူတို့စခန်းရှိတဲ့နေရာနဲ့ လမ်းကြောင်းနဲ့ သတ်မှတ်ပေးထားတာရှိတယ်လေ။ လမ်းမအတိုင်းသွားဖို့ သတ်မှတ်ပေးထားတယ်။ လမ်းဘေး ကိုက် ၅၀ ထက် ကျော်လွန်ရင် အဲဒါက ပြဿနာရှိနိုင် တယ်။ အခု ကားလမ်းတိုးချဲ့ဖောက်တာတို့ ဘာတို့တော့ မရှိတော့ဘူးပေါ့။ လမ်းကြောင်းသတ်မှတ်ပေးတာက NCA စထိုးကတည်းက သတ်မှတ်ထားတာ။ သူတို့က အဲဒါကိုကျော်လွန်ပြီးသွားတော့ ထိပ်တိုက်ရင်ဆိုင်ရတာတွေ ရှိတာပေါ့။”

မနေ့က ဆွေးနွေးပွဲအရ အရင်ကတည်းက သတ်မှတ်ထားတဲ့အတိုင်း လမ်းကြောင်းအတိုင်း တပ်မတော်က သွားလာမယ်ဆိုရင် ထိပ်တိုက်ထိတွေ့မှုတွေရှိတော့မှာ မဟုတ်ဘူးလို့လည်း ဒုဗိုလ်မှူးကြီး အယ်ဒို က သုံးသပ်ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေကို စားပွဲဝိုင်းမှာတင်မပြီးဘဲ အောက်ခြေမြေပြင်တပ်တွေကိုပါ ထိန်းချုပ်သင့်တယ်လို့ ထောက်ပြတာက ကရင်မြစ်ချောင်းများကွန်ရက် က ကိုစောသာပိုး ပါ။

“နှစ်ဖက်ခေါင်းဆောင်တွေက ချုပ်ဆိုထားတဲ့စာချုပ်တွေကို နားလည်ဖို့လိုတယ်။ ပြည်သူတွေရဲ့ လုံခြုံရေးကို အလေးထားဖို့ လိုတယ်။ တပ်ကလည်း စစ်သားက အထက်အမိန့်အရ လုပ်ရတယ်ဆိုတာထက် ကျတော်တို့ဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းပေးရမယ်ဆိုတဲ့ တာဝန်ဝတ္တရားကို တပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်ဆိုတာကို ပြောချင်တယ်။”

အောက်ခြေမြေပြင်တပ်တွေကို ထိန်းချုပ်ဖို့ဆိုရင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေးတွေကို ပုံမှန်ကျင်းပနေဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင် သိက္ခာ တော်ရ ဆရာတော် စောမက်သယူးအေးက ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်အောင် JMC အစည်းအဝေးတွေကသာ ဖြေရှင်းပေးနိုင်မှာလို့ ပြောပါတယ်။

“ကဏ္ဍတစ်ခုအနေနဲ့ အချိန်ယူပြီး ဆွေးနွေးသွားကြမှာပါ။ NCA လမ်းကြောင်းအတိုင်း သွားတယ်ဆိုတော့ စားပွဲဝိုင်းပေါ် ပြန်မရောက်ကြသေးခင်မှာ ထိတွေ့မှုအနည်းအကျဉ်းတော့ရှိမှာပေါ့။ နှစ်ဖက်တပ်မှူးတွေ ပြန်တွေ့ဆုံကြဖို့တော့ရှိပါတယ်။ JMC အစည်းအဝေးရော UPDJC အစည်းအဝေးရော ပြန်စလာရမှာပေါ့။ ရလဒ်ကောင်းတွေတော့ ထွက်လာမယ်လို့ထင်တယ်လေ။"

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်ရဲ့ ရိက္ခာသယ်ဆောင်ဖို့ လမ်းဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး တပ်မတော် နဲ့ KNU တို့ ၂၀၁၉ ကတည်းက ပဋိပက္ခဖြစ်နေတာပါ။ တပ်မတော်က လမ်းဖောက်လုပ်မှုတွေဟာ တပ်နယ်မြေ တိုးချဲ့တာလို့ ကေအဲန်ယူဘက်က စွပ်စွဲထားပါတယ်။ ဒီလို နယ်မြေပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ထိပ်တိုက်ထိတွေ့မှုတွေဟာ အောက်ခြေက အပစ်ခတ်စောင့်ကြည့်ရေးအစည်းအဝေးတွေ မလုပ်နိုင်လို့ဆိုပြီး တချို့က ပြစ်တင်ဝေဖန်ကြပါတယ်။

တနှစ်ကြာ ရပ်တန့်နေတဲ့ JMC အစည်းအဝေးတွေ ပြန်ကျင်းပဖို့ တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး က တိုက်တွန်းပါတယ်။

“အဓိကတော့ ဒီJMCလည်ပတ်ပြီးတော့ ဒီပြဿနာတွေ JMC မှာ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မယ်ဆိုရင် ဖြေရှင်းလို့လွယ်မယ်ထင်တယ်၊ တပ်မတော်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ KNU တပ်မဟာ ၅ တပ်မှူးတွေ လည်း အမြဲတန်းထိတွေ့ပြီးဖြေရှင်းသွားဖို့လိုမယ်။”

ဇန်နဝါရီကုန်ပိုင်းကဆိုရင် KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နဲ့ ဖာပွန်မြို့အကြားမှာ ခမရ ၇၀၈ က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ပါတယ်။

အဲဒါတွေဖြစ်ခဲ့ပြီး ဒီလဆန်းကစလို့ ဖာပွန်ခရိုင်ထဲကို တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံ ၃၀၀ ကျော်ဟာ တောထဲတောင်ထဲ ရှောင်ပြေးနေရပါတယ်။ တပ်မတော်ကတော့ အဲဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီကြားထဲမှာလည်း ကေအန်ယူ တပ်စခန်းတွေကို တပ်မတော်က ဒရုန်းယာဉ်နဲ့ ဝေဟင်ကနေ တကြိမ်မက စုံစမ်းထောက်လှမ်းတာတွေရှိခဲ့လို့ နှစ်ဖက်စစ်ရေးတင်းမာနေကြတာပါ။  

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ညနေပိုင်းအထိ ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ဒေသခံပြည်သူတွေရဲ့ စိုးရိမ်နေရတဲ့အခြေအနေကို အလေးထားပြီး တင်းမာမှုတွေ လျော့ပါးသွားအောင်၊ တည်ငြိမ်တဲ့ အနေအထားတစ်ရပ် ဖြစ်ပေါ်လာအောင် ရှေ့ဆက်နည်းလမ်းရှာကြိုးစားသွားမယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။