မေယုမြစ်အတွင်း ရေတပ်နဲ့AA တိုက်ပွဲပြင်းထန်
2019.11.26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မနေ့နေ့လယ်ပိုင်းကစပြီး ည ၇ နာရီကျော်အချိန်အထိ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရသေ့တောင်မြို့နဲ့တစ်မိုင်ဝန်းကျင်ခန့်အကွာ မေယုမြစ်ထဲမှာ တပ်မတော် ရေယာဉ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုပြောပါတယ်။
“ရသေ့တောင်မြို့ရဲ့အထက်နားလေးပေါ့နော်၊ ရသေ့တောင်မြို့နဲ့ တစ်မိုင်ခွဲ တစ်မိုင်လောက်အကွာမှာရှိတဲ့ ရေတပ်သင်္ဘောတစ်စီးကို ကျွန်တော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တာရှိတယ်ဆိုတော့ အဲဒီမှာ သင်္ဘောကို ကောင်းကောင်းထိတာပေါ့။ သင်္ဘောကတော့ မီးခိုးတွေအူပြီးတော့မှ ညနေပိုင်းအထိအောင်အထိ သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကိုလုပ်နေခဲ့တယ်ဗျ။ သင်္ဘောပေါ်မှာ အထိအခိုက် အကျအဆုံးတွေကတော့ သေချာပေါက်ရှိနိုင်တယ်။ ဘယ်နှစ်ယောက်လဲဆိုတဲ့ဥစ္စာကတော့ လောလောဆယ် ပြောဖို့ခက်တာပေါ့”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။
“ရသေ့တောင်ဘက်ခြမ်းက ရပ်ထားတဲ့ ကျွန်တော်တို့ ကမ်းထိုးရေယာဉ်ပေါ့နော်။ အဲဒီနားမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ကမ်းထိုးရေယာဉ်ကို ရှော့တိုက်ဒုံးနဲ့တစ်လုံးတော့ပစ်တယ်။ ဘာမှတော့မဖြစ်ဘူး”
AA အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တပ်မတော်ရေယာဉ်ဟာ ရသေ့တောင်မြို့ တပ်မတော်တပ်ရင်းနဲ့ မလှမ်းမကမ်းနေရာမှာဖြစ်ပါတယ်။
ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ တပ်မတော်ဘက်က ရသေ့တောင်မြို့ အနောက်ဘက် မယူကမ်းဘက် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မိနစ်သုံးဆယ်ခန့်ကြာအောင် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မေယုကမ်းကျေးရွာတွေဖြစ်တဲ့ ပြာပင်ရင်း၊ လုံးတင်၊ ခြေထောက်ချောင်း၊ ရန်အောင်ပြင်၊ သာစည်၊ မိညိုထောင့်၊ ကညင်ချောင်း စတဲ့ရွာအနီးဝန်းကျင်တွေကို အဓိကပစ်ခတ်ခဲ့တာလို့လည်းဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“မနေ့ကညနေ ၆ နာရီပတ်ဝန်းကျင်လောက်မှာ ကျွန်တော်တို့က အိမ်မှာထမင်းစားနေကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဒီရသေ့တောင်ဘက်ကနေပြီး ကျွန်တော်တို့ ကမ်းဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ဘယ်ကိုပစ်မှန်းလဲမသိ။ ကျွန်တော်တို့ပတ်ဝန်းကျင် ကျွန်တော်တို့ရွာကဆိုလို့ရှိရင် ကျွန်တော်က သာစည်၊ အဲဒီကျွန်တော်တို့ရွာအရှေ့ဘက်က လယ်ကွင်းတွေ၊ ဘုန်းကြီးကျောင်းနားက ရေကန်နားတွေ အဲဒီနေရာတွေကို လက်နက်ကြီးကျည်တွေလာကျတယ်။ အဲဒီလက်နက်ကြီးတွေပစ်တာက ရသေ့တောင်မြို့ဘက်ကမ်းက ရေတပ် ပစ်တယ်လို့ယူဆတယ်။ အဲဒီဘက်မှာ ရေတပ်ပဲရှိတယ်။ စစ်တပ်ရှိတယ်၊ ရေတပ်ရှိတယ်။ အဲဒီဘက်ကနေ ကျွန်တော်တို့ မေယုကမ်းဘက်တစ်ခွင်လုံးကို လှမ်းပစ်တာ”
ဒီပစ်ခတ်မှုကြောင့် လူတွေအထိအခိုက်မရှိပေမယ့် ကညင်ချောင်းနဲ့ သာစည်ကျေးရွာကြားက လူနေတဲအိမ်တစ်လုံး မီးလောင်သွားတယ်လို့လည်းဆိုပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မနေ့က တပ်မတော်ရေယာဉ်ကို AA က ညနေ ၂ နာရီကျော်ခန့်နဲ့ ၆ နာရီခန့် မှာ တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာလို့တုံ့ပြန်ပါတယ်။
မနေ့ကနေ့လယ်ပိုင်းမှာလည်း ကျောက်တန်းနဲ့လိုင်ဂွင်ကျေးရွာကြား၊ အမျက်တောင်နဲ့ ဇီးခေါင်းရွာကြား နေရာတွေမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ရသေ့တောင်မြို့နယ်မြောက်ပိုင်းက အမျက်တောင်ကျေးရွာ ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ ၄ ရက်လောက်ရှိပြီ ဖြစ်သလို ဒီနေ့မှာလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
မြောက်ဦးမြို့နယ် အရှေ့ဘက် ကျောင်းတောင်ကျေးရွာအနီးမှာလည်း ဒီနေ့ နေ့လယ်ကစပြီး နှစ်ဘက် တိုက်ခိုက်မှု ရှိပြီး ကျေးရွာသားအချို့ကို RFA က ဆက်သွယ်မေးမြန်းတဲ့ ဒီနေ့ညနေ ၅ နာရီခွဲအချိန်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို ကြားနေရပါတယ်။
ဒီအတောအတွင်း မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာကို ဒီနေ့မနက်ပိုင်းက အင်အားရာဂဏန်းနီးပါး ရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး မသင်္ကာတဲ့နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
လူအချို့ကို ဘုန်းတော်ကြီးကျောင်းမှာ စုခိုင်းထားပြီး လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ အိုးထိန်းကျေးရွာအနီးမှာ တပ်မတော် စစ်ကြောင်းတွေ မကြာခဏတိုက်ခိုက်ခံရတာ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေရှိနေသလို အေအေအဖွဲ့ရဲ့အမာခံတွေ ရွာထဲမှာရှိနေတယ်လို့ သတင်းပေးတာတွေရှိတဲ့အတွက် ဝင်ရောက်စစ်ဆေးတာလို့ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။
တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်ဟာလည်း ကိုးသောင်းကျော်အထိ တိုးလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး RECက ပြောပါတယ်။