မြောက်ဦးမှာ ဒဏ်ရာရလူနာ ကူညီသူ ပစ်ခတ်ခံရ


2019.11.27
theintunkyaw-622 ပစ်ခတ်ခံရတဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာက ကိုသိန်းထွန်းကျော် ၂၀၁၉၊ နိုဝင်ဘာ ၂၇ ရက်နေ့က ‌မြောက်ဦး‌ဆေးရုံကို ရောက်ရှိလာစဥ်
ဓါတ်ပုံ - နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်က ရွာသားတစ်ဦး ပစ်ခတ်ခံရလို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အရှေ့ဘက်ကမ်း ကျောင်းတောင်ကျေးရွာမှာ အသက် ၃၂ နှစ်အရွယ် ကိုသိန်းထွန်းကျော်ဟာ မနက် ၁၀ နာရီလောက်မှာ ချည်ထားတဲ့နွားကိုလွှတ်ဖို့ သွားရာမှာ ကျည်ဆန်ထိမှန်ခဲ့တာပါ။

ကျည်ဆန်က သူ့ယာဘက်ပေါင် ဖောက်ဝင်သွားတယ်၊ မြောက်ဦးဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သူ့ရဲ့ အဒေါ် ဒေါ်ခင်အေးကြည်က ပြောပြပါတယ်။

“ဒီနေ့ ရွာမြောက်ဘက်က ပစ်သံကြားပါတယ်။ မနက် ၆ နာရီလောက်ကပါ။ မနက်ထမင်းစားပြီးတာနဲ့ ရွာအနောက်ဘက်မှာ ချည်ထားတဲ့နွားကို လွှတ်ဖို့သွားပါတယ်။ အိမ်တွေနားမှာပါ။ နွားလွှတ်နေတုန်းမှာ ရွာမြောက်ဘက်ကနေ လှမ်းပစ်ပါတယ်။ ကျည်ထိလို့ ရွာသားတွေသွားယူဖို့လုပ်တဲ့အခါမှာလည်း လိုက်ပြီးတော့ပစ်ပါတယ်။ နောက်တစ်ကြိမ်သွားမှ ယူလို့ရခဲ့တာပါ”

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကျောင်းတောင်ရွာရဲ့မြောက်ဘက် တစ်မိုင်ကျော်ခန့်အကွာမှာဖြစ်ပြီး ကိုသိန်းထွန်းကျော် နွားလွှတ်ဖို့ သွားတဲ့နေရာက ရွာအနောက်ဘက် နေအိမ်တန်းနားမှာဖြစ်ပါတယ်။

ဒဏ်ရာရသူဆီသွားမယ့်  ရွာသားတွေလည်း အပစ်ခံရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေရှိတာကြောင့် ခေတ္တစောင့်ဆိုင်းပြီးမှ ဒဏ်ရာရသူကို သွားရောက်ခေါ်ယူနိုင်ခဲ့တယ်လို့  သိရပါတယ်။

ရွာအနီးမှာ ဒီနေ့မနက် ၆ နာရီကျော်အချိန်လောက်ကစပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကိုသိန်းထွန်းကျော်ကို ပစ်တာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကို တိတိကျကျသိဖို့ ခဲယဉ်းတယ်လို့ မိသားစုဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က တပ်မတော်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် အရပ်သားတွေအတွက် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“ရွာနဲ့နီးနီးလေးမှာဖြစ်တာ ဒီတစ်ကြိမ်ပဲရှိတယ်။ အခုက နှစ်ဘက်ပစ်ခတ်နေကြတာဆိုတော့ ကျွန်တော်ကတော့ အခုလိုပစ်တာကို ဘယ်သူပစ်တယ်ဆိုတာကို မစွပ်စွဲရဲဘူး။ ရွာမှာလည်း စိုးရိမ်ရတယ်။ လက်နက်ကြီးတွေက ပန်းမြောင်းရွာအနီး တောင်ဖြူတောင်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ လက်နက်ကြီးက အခုလည်းပစ်နေတုန်းပါ”

ဒီနေ့မနက်က လက်နက်ငယ်ကျည်တွေဟာ ကျေးရွာအတွင်းက နေအိမ်တစ်လုံးကိုပါ ကျရောက်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကျေးရွာသားတွေကတော့ ဒီနေ့မနက်ပိုင်းကနေဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ တပ်မတော်က အမြောက်ကြီးတွေနဲ့ လှမ်းပစ်နေသလို ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်နေတယ်လို့ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ မနေ့က နေ့လယ် နှစ်နာရီဝန်းကျင်လောက်မှာ ကျောင်းတောင်ရွာရဲ့ မြောက်ဘက် တစ်ကီလိုမီတာခန့်အကွာမှာရှိတဲ့ ရက္ခိုင့်တပ်တော်ရှိတဲ့နေရာကို တပ်မတော်ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့လည်း အဲဒီနေရာမှာပဲ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

အရပ်သားတစ်ယောက်ပစ်ခတ်ခံရလို့ ဒဏ်ရာရတဲ့ကိစ္စနဲ့ပတ်သက်လို့ ခိုင်သုခက အခုလိုပြောပါတယ်။

“မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာနားမှာ ရွာသားတစ်ယောက် နွားသွားလွှတ်တာကို ဗမာစစ်တပ်ဘက်က နေပြီးတော့ လှမ်းပြီးတော့ပစ်တာ အဲဒီရွာသားဒဏ်ရာရသွားတာလို့ သိရတယ်ဗျ”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက နှစ်ဘက်တိုက်ပွဲဟာ ညနေပိုင်းအထိ ဆက်ဖြစ်ပြီး တပ်မတော်က လက်နက်ကြီးပစ်ကူပေးနေတာ ရှိပေမယ့် ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်တာ မရှိကြောင်း ပြောပါတယ်။

ဒီနေ့မနက်က အရပ်သားတစ်ဦး ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက -

“ကျွန်တော်တို့ကတော့စစ်ဆင်ရေးနယ်မြေမှာ ချမှာပဲလေ ကိုယ့်ကိုပစ်လို့ကတော့။ အခုကစစ်တိုက်တာလေ။ စစ်တိုက်တယ်ဆိုကတည်းက ချမှာပဲလေ။ ကိုယ့်ဟာကိုယ် အဲဒီတိုက်ပွဲနယ်မြေထဲမှာတော့ မလာနဲ့လေ။ ကျွန်တော်တို့က ရွာထဲမှာဖြစ်တာလည်းမဟုတ်ဘူး။ ရွာနဲ့အဝေးကြီးမှာဖြစ်တာ။ နောက်တစ်ခါ ဒီလိုမဖြစ်အောင် အေအေကိုပြောလိုက်ပါ အေအေ ဒီမှာမနေတော့နဲ့လို့။ အဲလိုဆို တိုက်ပွဲဖြစ်စရာအကြောင်းလည်းမရှိဘူး”

ကျောင်းတောင်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး အဲဒီအထဲက အိမ်ခြေ ၁၀၀ ဝန်းကျင်ကလူတွေဟာ နီးစပ်ရာကျေးရွာတွေကို အရင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေဆုံးတာတွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာနေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ အခုလက်ရှိအချိန်အထိ သေဆုံးတဲ့ အရပ်သား ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ ၁၄၀ ကျော်လောက်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။