ရခိုင်ဆရာတော်နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ထောင်ဒဏ်ချမှတ်ခံရ
2010.09.29

သက်တော ်၅၇ နှစ် ဝါတော် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ဦးပညာစာရ ကို စစ်အစိုးရ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီး လူဝတ်လဲပြီး သာသနာတော် ညှိုးနွမ်းစေမှု ၊ သာသနာ့နယ်မြေ ငှားရမ်းအသုံးပြုမှု စတာတွေအပါအဝင် ပုဒ်မ ၇ ခု တပ်ပြီး တရားစွဲခဲ့တာပါ။
တရက်တည်းမှာပဲ အခုနှစ်ဆန်းပိုင်းကစပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ လူငယ် ၁၂ ဦးကို ရန်ကုန်မြောက်ပိုင်း ခရိုင် အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၃ နှစ်ကနေ ၂၃ နှစ်အထိ ချမှတ်လိုက်တယ်လို့ သူတို့ရဲ့ ရှေ့နေ ဦးမြင့်သောင်းက RFA ကို ပြောပါတယ်။
“ကျော်ဇေလင်းပါ ကိုးယောက်ကို သူတို့ ၁၃-၁ နဲ့ ဆိုပြီးတော့ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်၊ ဖောက်ခွဲ ၃ နဲ့ ဆိုပြီးတော့ ကျော်ဝင်းစိန်တို့၊ စောနေထူးတို့၊ ကျော်လင်းအောင်တို့၊ ကိုဇော်မင်းတို့ကို ဖောက်ခွဲ ၃ အရ ထောင် ၁၀ နှစ်၊ ဒါတမှု၊ နှစ်မှုပေါ့။ နောက်ထပ် ၁၉၃၃ ခုနှစ် ကြေးနန်း ၆-၁၊ မိုဘိုင်းဖုန်း လက်ဝယ် တွေ့ရှိတယ်ဆိုပြီးတော့ ကျော်ဇေလင်းကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်၊ ဒါ တမှု။ နောက် အဲဒီ ကျော်ဇေလင်းကိုပဲ ခြောက်လုံးပြူး ပစ်စတိုတလက်နဲ့ ကျည် ၃၃ တောင့် တွေ့တယ်ဆိုပြီးတော့ ၁၈၈၇ ခုနှစ် လက်နက်အက်ဥပဒေ ၁၉-ဆ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ အချို့ဆိုရင် တယောက်က ၁၉ နှစ် ပါတယ်။ နောက်တယောက်ဆိုရင် ၂၃ နှစ်တောင် ဖြစ်နေတယ်။ ပြစ်ဒဏ် အနည်းဆုံး ၃ နှစ်အထိတော့ ရှိတာပေါ့။”
ဒီလူငယ်တွေဟာ ဖမ်းဆီးမခံရခင်က ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံနဲ့ မင်္ဂလာဒုံ စက်မှုဇုံက အလုပ်သမား အခွင့်အရေးတောင်းဆိုမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ၊ တချို့လည်း မှော်ဘီမြို့နယ်မှာ လက်သမား အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေဖြစ်ပြီး၊ သူတို့ကို ဖောက်ခွဲမှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။ ဒီလူငယ် ၁၂ ဦးကို တရားစီရင်ရာမှာ မျှတမှု မရှိဘူးလို့ ရှေ့နေ ဦးမြင့်သောင်းက ပြောပါတယ်။
“အခု ဒီ အစွဲခံရတဲ့ အမှုပုဒ်မတွေက ကြည့်ဆိုရင်တော့ဗျာ၊ ကျွန်တော်တို့ ၁၃-၁ တို့၊ ၁၇-၁ တို့၊ ကြေးနန်း ၆-၁ တို့၊ ဒါတွေနဲ့ စွဲတယ်ဆိုတော့ အမှုကတော့ ဥပဒေ ကြည့်မယ်ဆိုရင်တော့ ပြစ်ဒဏ်ကို တကြိမ်ထက်မက အကြိမ်ကြိမ်အခါခါ အပြစ်ပေးခံရတဲ့ အပိုင်းလည်း ပါတယ်။ ဟို အမှန်တကယ် ဒီ အပြစ် အမှုတွေပေါ်မှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ တချို့ဆိုရင် တယောက်နဲ့ တယောက် ခင်မင်ရုံ သွားလာရုံနဲ့ အဆွဲခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားဥပဒေအရ ဖြေရှင်းတဲ့အခါကျတော့ တကယ်အရ သူတို့က လွတ်နိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။ ဒါပေမယ်လို့ သူတို့မှာ အဲဒီ အခွင့်အရေးတွေ မရတဲ့ အခါကျတော့ ကျွန်တော်တို့အနေနဲ့လည်း ဘယ်လိုမှ သူတို့အကျိုးကို ဆောင်ရွက်လို့ မရဘူးခင်ဗျ။ ဒီအမှုပေါ်မှာ ကျွန်တော်တို့ မကျေနပ်တဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ တိုင်းတရားရုံးပေါ်မှာ အယူခံ တင်နိုင်ပါတယ်။”
ဒီလူငယ် ၁၂ ဦးကို အမှုစီရင်ရာမှာ နားထောင်ခွင့်ပေးဖို့ မိသားစုနဲ့ ရှေ့နေက တောင်းဆိုခဲ့ပေမဲ့ တရားသူကြီးက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ လောလောဆယ် သူတို့အမှုကို တိုင်းတရားရုံးမှာ အယူခံ ဆက်လက် လျှောက်ထားနိုင်ရေးအတွက် မိသားစုနဲ့ ရှေ့တွေ တိုင်ပင်ဆွေးနွေး နေကြပါတယ်။
အခုလို အလုပ်သမားအရေးလှုပ်ရှားသူ လူငယ် ၁၂ ဦး ထောင်ဒဏ်တွေ စီရင် အပြစ်ပေးခံရတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က အမှုလိုက် ရှေ့နေ ဦးမြင့်သောင်း၊ မိသားစုတို့နဲ့ ဆက်သွယ် တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |