ကျောင်းကန်ဘုရားနဲ့ လူနေရပ်ကွက်တွေ အကာအကွယ်ယူ တိုက်ခိုက်တဲ့ကိစ္စ ပြည်နယ်လွှတ်တော်မှာတင်


2019.09.23
hlatheinaung-622.jpg မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် ကို ၂၀၁၉၊ စက်တင်ဘာ ၂၃ ရက်နေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တွေ့ရစဉ်
ဓါတ်ပုံ - ရခိုင်ပြည်နယ်သတင်း

ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အုံတွေနဲ့ လူနေရပ်ကွက်၊ ကျေးရွာတွေကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်တာတွေ မဖြစ်အောင် ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် ထောက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအဆိုကို မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် တင်သွင်းတာပါ။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိကြောင်း ဦးလှသိန်းအောင် တင်သွင်းတဲ့ အဆိုမှာ ထောက်ပြပြောဆိုထားပါတယ်။

ရသေ့တောင်မြို့နယ် သုံးဆယ့်တစ်ဘုံဘုရားတွေနဲ့ မြောက်ဦးမြို့နယ်က ရှေးဟောင်း အဆောက်အဦးတွေ လက်နက်ကြီး ထိမှန်ခဲ့တာရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်တောင်၊ မင်းပြားကျိန်းတောင်၊ မြောက်ဦးမြို့နယ်က လင်းမြွေတောင် စေတီအနီးတောင်ကုန်းနဲ့ ပန်းမြောင်းရွာက အောင်မင်္ဂလာစေတီတောင်နဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာယူပြီး တိုက်ခိုက်နေတာကို ကြားသိရတယ်လို့လည်း ဦးလှသိန်းအောင်က ပြောထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ တဖြည်းဖြည်းအရှိန်မြင့်လာပြီး ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေအထိ ပြန့်နှံ့လာပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ မြင့်တက်လာခဲ့ကြောင်းနဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်အထိ ရှိလာနေကြောင်းလည်း အဆိုရှင်က ပြောပါတယ်။

ဦးလှသိန်းအောင်တင်သွင်းတဲ့အဆိုကို လက်ခံဆွေးနွေးသင့်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ပြီး ကန့်ကွက်သူမရှိတာကြောင့် လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီအဆိုကို ဘယ်နေ့မှာ စတင်ဆွေးနွေးမယ်ဆိုတာကိုတော့ လွှတ်တော် ဥက္ကဋ္ဌက အတည်ပြု ပြောဆိုခဲ့ခြင်းမရှိပါဘူး။

၉ လတာ ကြာမြင့်လာတဲ့ ရခိုင်မြောက်ပိုင်း စစ်ပွဲတွေကြားမှာ အရပ်သားတချို့ဟာ တပ်မတော်က ဖမ်းဆီးခံရပြီးနောက် သေဆုံးတာတွေ၊ တိုက်ပွဲကြားပစ်ခတ်ခံရပြီး သေဆုံးတာတွေ လူဦးရေ ၁၂၀ ဝန်းကျင်ထိရှိလာပြီဖြစ်တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ထုတ်ပြန်ပြောဆိုထားပါတယ်။

ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် ကုလလူ့အခွင့်ရေးကောင်စီမှာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်က FFM တင်သွင်းတဲ့ နောက်ဆုံးအစီရင်ခံစာမှာ မြန်မာ့တပ်မတော်ဟာ ရှေးဟောင်းနယ်မြေတွေကို ကာကွယ်ဖို့ပျက်ကွက်ပြီးတော့ ပစ်ခတ်မှုတွေလုပ်ဆောင်တာဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။