၂၀၂၀ ရွေးကောက်ပွဲအတွက် ရတက်မအေးတဲ့ ANP
2019.10.07

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ သုံးရက်ကြာ အစည်းအဝေးမှာ ပါတီတည်ဆောက်ရေးနဲ့ ပါတီစည်းရုံးရေး၊ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေဖြစ်ပွားနေတာတွေ လျှော့ချနိုင်ရေး၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်အစီစဉ်တွေကို စစ်တွေမြို့မှာ ဆွေးနွေးနေကြပါတယ်။
အဓိကအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာတွေကို ဆွေးနွေးဖြစ်ကြတယ်လို့ ANP ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
"ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ပွဲတွေ ဖြစ်နေတယ်။ အဲဒီရဲ့ ဆိုးကျိုးက ဘယ်လိုတွေဖြစ်လာနိုင်မလဲ။ ဒေသတည်ငြိမ်မှု ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲ ဖြစ်မလား၊ မဖြစ်ဘူးလား။ ဘယ်လိုဖြစ်မယ်ဆိုရင် ဘယ်လိုစီမံချက်တွေ ရေးဆွဲရမလဲ။ မြောက်ပိုင်း အလယ်ပိုင်းမှာ ဖြစ်မလာဘူး တောင်ပိုင်းမှာပဲဖြစ်မယ်ဆိုရင် ဘယ်လိုစီမံချက်တွေ ရေးဆွဲပြီးတော့ ဘယ်လိုအောင်နိုင်အောင် လုပ်ကြမလဲဆိုတာတွေကို အဓိကဆွေးနွေးကြတာဖြစ်ပါတယ်"
ပါတီအစည်းဝေးကို အောက်တိုဘာ ၅ ရက်ကစတင်ပြီး ၇ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးဖို့ စီစဉ်ထားပေမယ့်
ဆက်လက်ဆွေးနွေးချက်ရမယ့်အချက်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ချက်တွေ ချမှတ်ကျန်ရှိနေသေးတာကြောင့် နောက်ထပ်တစ်ရက်တိုး ဆွေးနွေးကြမယ်လို့လည်းပြောပါတယ်။
ANP ပါတီလိုပဲ တိုက်ပွဲတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပရေးထိခိုက်မှာကို စိုးရိမ်မိတယ်လို့ ကျောက်ဖြူမြို့မှာ နေထိုင်တဲ့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးထွန်းကြည်က ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမဖြစ်မှာကိုတော့ စိတ်ပူမိတယ်ပေါ့နော်။ လက်ရှိ အခင်းကျင်းအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲသာ မဖြစ်ဘူးဆိုရင် ရခိုင်ပြည်မှာရှိတဲ့ လူထုရဲ့ မဲပေးခွင့်တွေ ဆုံးရှုံးမယ်။ မဲပေးခွင့်ဆုံးရှုံးရင် ဒေသက ကိုယ်စားပြုမှုတွေ ဆုံးရှုံးမယ်။ လွှတ်တော်မှာ ကျနော်တို့ရဲ့ အသံတွေ အခက်ခဲတွေ စိန်ခေါ်မှုတွေကို ကျနော်တို့က ချပြလို့မရဘူး ဖြစ်သွားမယ်။ ဒီအခွင့်အရေးတွေ လုံးဝရှုံးဆုံးသွားမယ့် အနေထားဖြစ်သွားမယ်"
တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတာ၊ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်နေတဲ့ ကျောက်တော်မြို့ ဒေသခံ ဦးညီပုက တော့ ရွေးကောက်ပွဲကို စိတ်သိပ်မဝင်စားတော့ဘူးလို့လည်း ပြောပါတယ်။
"ကျနော်တို့ ဒေသခံတွေအနေနဲ့ကတော့ ရွေးကောက်ပွဲမဖြစ်လာရင်လည်း စိုးရိမ်စရာတော့ မရှိပါဘူး။ နိုင်ငံရေးပြဿနာကြားထဲမှာ ရွေးကောက်ပွဲဖြစ်လာရင်လည်း ကျနော်တို့ ပြည်သူတွေက ရွေးကောက်ပွဲဘက်ကို အားသန်ကြမှာမဟုတ်ဘူး။ ပြဿနာတွေက ရှုပ်ထွေးနေတယ်။ ဟိုနေရာမှာ စစ်ဖြစ်တယ်။ ဒီနေရာမှာ စစ်ဖြစ်တယ်။ ပြည်သူတွေ ဒုက္ခရောက်တယ်။ အဲ့ဒါကို ကြည့်ပြီးတော့ ရွေးကောက်ပွဲဘက်ကို ပြည်သူတွေက အားမစိုက်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ပြည်သူတွေက မိမိအတွက် ကာကွယ်မှုက အဓိက ၊ လုံခြုံမှုက အဓိက အဲ့ဒီလို ပြဿနာတွေကို ရင်ဆိုင်နေရတော့ ရွေးကောက်ပွဲကိုအားသန်မှု မပေးနိုင်တော့ဘူး"
ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်မှာ အင်အားကြီးပေမယ့် အစိုးရနဲ့ဖြစ်တဲ့ ပြဿနာတွေမှာ ဖြေရှင်းနေရတာ၊ ဒေသခံ ပြည်သူတွေကို ထိထိရောက်ရောက် မကူညီနိုင်တာတွေရှိပေမယ့် ဆိုးဆိုးဝါးဝါး အခြေအနေတွေကို မတွေ့ရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီကလည်း သူတို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ လုပ်ဆောင်ချက် တွေကို သုံးသပ်ပြီး နောင်လွှတ်တော်မှာလည်း ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတွေကို ဆွေးနွေးကြ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပါတီရေးရာကော်မတီ ၁၄ ခု ဖွဲ့စည်းထားပြီး လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ အဲဒီကော်မတီတွေ အားကောင်းမယ်ဆိုရင် ပါတီအပေါ် မူဝါဒတွေ ခိုင်ခိုင်မာမာ ပံ့ပိုးနိုင်မယ်လု့ိ ယူဆတဲ့အကြောင်း ပြောပါတယ်။
အစည်းအဝေးသို့ ပါတီမူဝါဒရေးရာကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တက်ရောက်နေပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိပြီး ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၆၄ ခုရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ANP ပါတီဟာ ပြည်နယ် လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၂ နေရာနဲ့ အများဆုံးအနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ဟာ ၁၉၉၀ မှာ ရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၂၀၁၀ မှာ ပေါ်ပေါ်လာတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ၂၀၁၄ ခုနှစ်မှာ ပူးပေါင်းခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ပါတီတွင်း အငြင်းပွားမှုတချို့ ပေါ်ပေါက်လာအပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ခွဲထွက် ရပ်တည်ခဲ့ပါတယ်ရှင်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)