ရခိုင်ပြည်နယ်မှာ NLD ပါတီ မနိုင်သင့်လို့ ဒေါက်တာအေးမောင် က ပြောကြား
2015.10.31

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်အောက်ခံတွေ ရခိုင်ပြည်နယ် အစိုးရဖြစ်လာခဲ့ရင် ရခိုင်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာဟာ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိလာနိုင်တယ်လို့ ANP ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကိုင်းရှည်ကျေးရွာမှာ မနေ့က ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ မဲဆွယ်စည်းရုံးပွဲ မှာ ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောတာဖြစ်ပါတယ်။
"အခု ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်တယ်၊ two child ပေါ်လစီကို ကျနော်တို့က အတည်ပြုပါတယ်၊ သူတို့က ကန့်ကွက်တယ်ဒါကို၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ကျနော်တို့က အတည်ပြုတယ်၊ ဦးဉာဏ်ဝင်းက ကန့်ကွက်တယ်၊ မဲပေးခွင့်ရှိရမယ်လို့ ပြောတယ်၊ အာဏာသည် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ အဲ့ဒီလိုပုဂ္ဂိုလ်များရဲ့ တပည့်အဖြစ် ပြည်နယ်အစိုးရသည် ဖြစ်လာလို့ရှိရင် ရခိုင်တို့အတွက် အချုပ်အခြာအာဏာသည် အလွန့်အလွန် စိုးရိမ်ဖွယ်ရာရှိပါတယ်၊ ကိုယ့်ပြည်ကိုကိုယ် ကာမှဖြစ်မယ်၊ ကိုယ်တို့ရဲ့ သယံဇာတတွေကို စစ်မှန်သော ပြည်ထောင်စုတစ်ခု ဖွဲ့စည်းပုံအရ ရာခိုင်နှုန်းတစ်ခုကို ရောက်အောင်ဆိုပြီးတော့ ဒီရခိုင်တို့ ရဲ့အဖွဲ့အစည်းနဲ့ ဖွဲ့စည်းမယ်"
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေအတွက် ဒေါက်တာအေးမောင်က မဲဆွယ်ဟောပြောပေးတာဖြစ်ပြီး ရခိုင်တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ ရခိုင်အမျိုးသားပါတီကို ထောက်ခံခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်ကို ချုပ်ကိုင်ထားနိုင် မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် စီစဉ်ပေးခဲ့ရကြောင်းလည်း ဒေါက်တာအေးမောင်ကပြော ပါတယ်။
မဲဆွယ်ပွဲကို ဒေသခံ တစ်ထောင်ကျော် တက်ရောက်ကြပါတယ်။