ပြည်နယ် ဝန်ကြီးချုပ်နေရာ မိမိတို့ ရသင့်တယ်


2014.06.24
anp-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာ အတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ အများဆုံးရထားတဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ်ခန့်အပ် သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သဘောထားကြေငြာချက်ထုတ်တာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက အခုလိုပြောပါတယ်။

"ဒီနေ့ အခြေအနေဟာ ရခိုင်ပြည်နယ်အတွက် သိပ်အရေးကြီးတဲ့ အခြေအနေ၊ အဲ့အခြေအနေမျိုးမှာ ဝန်ကြီးချုပ်တစ်ယောက် အပြောင်းအလဲဖြစ်လာတယ် ဆိုတဲ့ဥစ္စာဟာ ဒီဖြစ်လာတဲ့ ဝန်ကြီးချုပ်ကို တတ်နိုင်သမျှ ရခိုင်တိုင်းရင်းသား ဖြစ်စေချင်တယ်၊ နောက်ပြီးတော့ ရွေးကောက်ခံထားရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲက ဖြစ်စေချင်တယ်၊ ဥပဒေအရအနေနဲ့ သမ္မတက ခန့်ပေးလို့ရတာပေါ့၊ လွှတ်တော်ကို အဆိုတင်ပေးလို့ရတာပေါ့၊ ဒါပေမဲ့ ဒီမိုကရေစီစံနဲ့ ပြန်တိုင်းမယ်ဆိုလို့ရှိရင် ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ ပါတီက ဒီမူအတိုင်းပဲရပ်တယ်"

သဘောထားကြေညာချက်ထဲမှာ အသစ်ခန့်အပ်တာဝန်ပေးအပ်မယ့်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးချယ် တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲကသာ ဖြစ်သင့်ကြောင်းလည်း ထောက်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကို နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လောလောဆယ်မှာ  ဗိုလ်ချုပ်မောင်မောင်အုန်းကို ဇွန်လ ၂၀ ရက် နေ့စွဲနဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်ပြည်နယ် လွှတ်တော်အစည်းအဝေးကို မနက်ဖြန် ဇွန်လ ၂၅ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ကြီးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။