ANP မဲဆွယ် စာတမ်းမှာပါတဲ့ အသုံးအနှုန်းပြင်ဖို့ ကော်မရှင်ပြော
2018.08.28

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီရဲ့ မဲဆွယ်စည်းရုံး ဟောပြောချက်စာတမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အသုံးအနှုန်းတချို့ ပါဝင်တယ်ဆိုပြီး ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
"ရခိုင်လူမျိုး"ဆိုတဲ့ အသုံးအနှုန်းနဲ့ ဆက်စပ်နေတဲ့ စာသားအချို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ပြင်ဆင်ဖို့ပြောတယ်လို့ ကော်မရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
"ရခိုင်ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်ပြီးတော့ တစ်ချို့စာသားတွေကို ပြုပြင်ဖို့လိုပါတယ်။ ကျနော်တို့ လူမျိုးကို အခြေခံတဲ့ ပြည်နယ်များနဲ့ ဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ဟာက ဖွဲ့စည်းပုံနဲ့ ငြိတဲ့အတွက် ပြင်ပေးဖို့ပေါ့။ နောက်တစ်ခါ ကြားဖြတ်ရွေးကောက်ပွဲကော်မရှင်ဟာ ရခိုင်လူမျိုးတွေအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်ဆိုရာမှာ ရခိုင်လူမျိုးဆိုတဲ့နေရာမှာပေါ့ ရခိုင်ပြည်နယ် ပြည်သူတွေအတွက်လို့ ထည့်ပေးနိုင်ရင် ပိုပြီးတော့သင့်တော်ပါမယ်ဆိုပြီးတော့ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့ဘက်က ပြန်ပြီးတော့ ရှင်းပြပါတယ်"
အစိုးရပိုင် ရုပ်သံနဲ့ ရေဒီယိုတွေမှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးရေး ဟောပြောရမှာဖြစ်ပါတယ်။ အဲဒီလိုဟောပြောမယ့် စာသားမူကြမ်းတွေကို ပေးပို့ရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က "ရခိုင်လူမျိုး" ဆိုတဲ့ အသုံးအနှုန်းအစား "ရခိုင်တိုင်းရင်းသား"လို့ ပြင်ဆင်ရေးသားဖို့ လိုသလို တချို့စာပိုဒ်တွေကိုလည်း ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ANP ပါတီဆီ စာပို့ခဲ့တာပါ။
"လူမျိုးရေးကို အခြေခံတဲ့ပြည်နယ်များ" ဆိုတာနဲ့ "ရခိုင်လူမျိုး"ဆိုတဲ့ အသုံးအနှုန်းကို ပြင်ဆင်မှာမဟုတ်ကြောင်း ANP ပါတီက မနေ့က ပြန်လည်အကြောင်းကြားခဲ့ပြီး ဒီနေ့မှာတော့ ပါတီခေါင်းဆောင်တွေထဲက ကိုယ်စားလှယ်နှစ်ဦးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဲဒီအသုံးအနှုန်းအချို့ကို ပြင်ဆင်ဖို့ ထပ်မံပြောဆိုခဲ့တဲ့အတွက် မနက်ဖြန်မှာ ဆက်လက် တွေ့ဆုံဆွေးဖို့မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မဲဆွယ်စည်းရုံးရေးဟောပြောချက်တွေနဲ့ ပတ်သက်ပြီး အခုလို အသုံးအနှုန်းတွေကို ပြင်ဆင်ခဲ့ရတာ မရှိခဲ့ဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။